လက်ပံတန်းမြို့က ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှာ မဟုတ်ကြောင်း ပဲခူးတိုင်းဒေသကြီး အမှတ် ၁၁ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး က ပြောပါတယ်။
သပိတ်စခန်းအနီး ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ရဲ တပ်ဖွဲ့လုံခြုံရေးတွေအကြား ဒီနေ့မနက်က သံဆူးကြိုးတွေ ချထားလိုက်တဲ့အတွက် RFA က မေးမြန်းရာမှာ ဒုတိယရဲ မှူးကြီး နန္ဒဝင်းက ဖြေကြားခဲ့တာပါ။
"ကျနော်တို့အနေနဲ့ကတော့ အေးချမ်းတည်ငြိမ်စွာ နဲ့ပဲ ဒီမိုကရေစီစနစ်အရတော့ ပြဿနာတစ်ရပ်ကို ညှိနှိုင်းပြီးတော့ ဖြေရှင်းမဲ့စနစ်ပဲရှိပါတယ်၊ အကြမ်း ဖက်ဖို့လဲ အစီအစဉ်မရှိပါဘူး၊ အဲ့ဒါကြောင့်ကျနော် တို့မှာ လက်နက်ခဲယမ်း တစုံတရာ ကိုင်ဆောင်ထားတာလည်းမရှိပါဘူး၊ ကျနော်တို့အနေနဲ့ ပုံမှန်အတိုင်းအတာလေးတစ်ခု ကျနော်တို့ဘက် ကနေပြီးတော့ နေရာလေးချထားချင်တဲ့သဘောပါ၊ တခြား ရည်ရွယ် ချက်တော့မရှိပါဘူး၊ ကျနော်တို့ အနေနဲ့ နေရာလေး နှစ်ခုကို ပိုင်းခြားထားတယ် ဆိုတဲ့ဟာလေး တိတိကျကျလေးဖြစ်အောင် ကျောင်းသား တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့လက်ရှိရှိတဲ့နေရာ မှာ အေးချမ်းစွာနေလိုအောင်၊ ပြင်ပကနေအနှောင့် အယှက်တွေမဝင်အောင် ကျနော်တို့တားဆီးချထားတဲ့ သဘောဖြစ်ပါတယ်"
လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို ချီတက်မယ့် သပိတ်စစ်ကြောင်းဟာ အောင်မြေဗိမာန်ကျောင်းတိုက် အနီးက တန် ၂၅၀ လမ်းမှာ မနေ့က တားဆီးခံထားရပြီး မနေ့ကနေ ဒီနေ့အထိ ကျောင်းသားသပိတ်စစ်ကြောင်းဟာ အစာငတ် ခံ ဆန္ဒပြနေကြပါတယ်။
ဒုတိယရဲမှူးကြီး နန္ဒဝင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ပဲခူးတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။