သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။
သေမှုသေခင်းနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပျဉ်းမနား မြို့နယ်ရဲစခန်းမှူး ရဲအုပ် ဦးကျော်မြင့်က RFA ကို အတည်ပြု ပြောကြားပါတယ်။
"တွေ့တဲ့အချိန်ကတော့ ၁၅း၃၀ ဗျ။ သူ့ဟာသူ ရှို့သလား၊ ဒါမှမဟုတ် သူများရှို့သလား။ ဒါကမသိသေးဘူး။ မသိသေးဘူးဆိုတာ ဆရာဝန်ကြီးရဲ့ မူခင်းသုံးသပ်ချက်က ကျွန်တော်တို့ဆီ မရောက်သေးဘူး။ ဒီနေ့မှ ခွဲစိတ်တာ ဆိုတော့လေ။ ဆရာဝန်ကြီးရဲ့ မှတ်ချက်လာရင်တော့ တော်တော်လေး ပြောလို့ရတယ်ဗျ။ ဆရာဝန်ကြီးကိုယ်တိုင်ကို သူကိုယ်သူ ရှို့သလား ဒါမှမဟုတ် တခြားသူ ရှို့သလား ဒါကပြောလို့မရဘူး။ သူက ဘာလို့လဲဆို မီးလောင်ကျွမ်းမှုကြောင့် နံပါတ်တစ် သေသည်။ နောက်တခါ မီးလောင်ခံရစဉ် အသက်ရှိသည်။ မီးလောင်ခံရစဉ် အသက်ရှိသည်ဆိုတဲ့ အခါကျတော့ သေပြီးမှ သတ်ပြီးမှ ရှို့တာမျိုး မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးတော့ ပေါ်တာပေါ့ဗျာ။ ဘာကြောင့်သေသလဲ ဆိုတာ သေမှု သေခင်း ဖွင့်ထားတယ်။ ပျဉ်းမနား ရဲစခန်း အမှတ်စဉ် ၃၆၊ ၂၀၁၂ ပါ"
အမည်မဖော်လိုသူ ရဲဝန်ထမ်းတချို့နဲ့ ဒေသခံ တချို့ကတော့ ရဲအုပ် ဝင်းမင်းသန့်ဟာ မိမိကိုယ်ကို မီးရှို့ သတ်သေသွားတာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ သေဆုံးသူ ရဲအရာရှိရဲ့ ရုပ်အလောင်းကို နေပြည်တော် ခုတင် (၁၀၀၀) ဆန့် ဆေးရုံမှာ လောလောဆယ် ထားရှိပြီး သက်ဆိုင်ရာ မှုခင်းဆရာဝန်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။
အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အခုလို ရဲတပ်ဖွဲ့ အရာရှိတစ်ဦး ပထမဦးဆုံး ကိုယ့်ကိုကိုယ် မီးရှို့အဆုံးစီရင် သွားတယ်လို့ ယူဆရတဲ့ မှုခင်းဖြစ်တဲ့အတွက် ဒေသခံတွေကြားမှာ အထူးတလည် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။