မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့က ကံကောင်းခြင်း ရတနာသစ်အချောထည်စက်ရုံ အလုပ်သမား တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကို ဖျက်ပေးမယ်ဆိုရင် အလုပ်သမားတစ်ချို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေကိုလည်း ရုတ်သိမ်းပေးမယ်လို့ မန္တလေးတိုင်းဒေသကြီး နယ်စပ် လုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီးက ပြောကြောင်း သိရပါတယ်။
မနေ့က ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ က ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒပြဖို့အတွက် လမ်းလျှောက်လာတုန်း စဉ့်ကိုင်မြို့နားက တိုးဂိတ်နားမှာ ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။ အဲဒီအထဲက အလုပ်သမား ၁၂ ယောက်ကို ရဲတပ်ဖွဲ့က ခေတ္တ ထိမ်းသိန်းခဲ့တယ်လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ကိုသက်နှင်းအောင်က ပြောပါတယ်။
"ထောင်ထဲကို ကျနော်တို့ကို ခေါ်သွားတာမရှိဘဲနဲ့ အချုပ်ကားထဲမှာပဲတင်တယ်၊ သူတို့ဘာမှ စစ်ဆေးမေးမြန်းတာ မရှိဘူးခင်ဗျ၊ ပြီးတော့ ဒီကိုပြန်ခေါ်လာပါတယ်ခင်ဗျ၊ ဒီသပိတ်စခန်းကို ရုပ်သိမ်းပေးပါ၊ အလုပ်ရှင်ဆီက နစ်နာကြေးယူပါ၊ ပြီးရင်အလုပ်ကနေ ထွက်ပေးပါ၊ ဒါဆိုလို့ရှိရင် ကျနော်တို့လူကို စွဲထားတဲ့ပုဒ်မတွေ သူတို့ဆက်မစွဲတော့ဘူး၊ ကင်းလွတ်ခွင့်ပြုမယ်ဆိုတဲ့ စကားတော့ ပြောပါတယ်ခင်ဗျ၊ ဖမ်းခံသွားတဲ့သူတွေအားလုံးရဲ့ ဆန္ဒကတော့ အလုပ်သမားတွေရဲ့ ဆန္ဒကိုလိုက်လျောမှာပါ"
အလုပ်သမား ၁၂ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ စတဲ့ပုဒ်မတွေနဲ့ စွဲဆိုထားတယ်လို့သိရပါတယ်။
စဉ့်ကိုင်မြို့က ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမား ၄၀၀ ကျော်ဟာ အလုပ်ရှင် နဲ့ သဘောတူစာချုပ် မချုပ်ဆိုလို့ဆိုပြီး အလုပ်ကနေ ထုတ်ပယ်ခံထားရတာဖြစ်ပါတယ်။ သူတို့ဟာ စဉ့်ကိုင်မြို့က ဘုန်းကြီးကျောင်းမှာ ခိုလှုံနေစဉ်မှာ အုပ်ချုပ်ရေးက ထွက်ခွာပေးဖို့ အမိန့်ထုတ်ခဲ့ပြီးနောက်ပိုင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒပြဖို့ စဉ့်ကိုင်ကနေ မန္တလေးကို အသွားလမ်းမှာ တားဆီးခံရတာ ဖြစ်ပါတယ်။
