ရဲတပ်သား သတ်ဖြတ်ခံရမှု ဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြော


2014.01.02

ရခိုင်ပြည်နယ် စစ်တွေမြို့ မှန်စီကျေးရွာမှာ မွတ်ဆလင်တွေရဲ့တိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး  တရားခံတွေကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ထုတ်ဖော်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက မွတ်ဆလင်တွေနေထိုင်တဲ့ မှန်စီကျေးရွာနားက  တရုတ်သင်္ချိုင်းကို မွတ်ဆလင်ရှစ်ဦးခန့်က ဖျက်ဆီးနေလို့ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဝင်နှစ်ဦးက မဖျက်ဆီးဖို့တားဆီးခဲ့ရာမှာ အဲဒီမွတ်ဆလင်တွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား သန့်ဇော်ဝင် သေဆုံးပြီး ရဲတပ်သား ကျော်ကျော်မိုး ဆိုသူကတော့  ဦးခေါင်း နဲ့ နဖူးမှာ ပေါက်ပြဲဒဏ်ရာတွေ ရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ မွတ်ဆလင်အမျိုးသား နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း  ပြည်နယ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

" မုန်စီရွာက ဒေသခံ ဘင်္ဂါလီတွေက ကျွန်တော်တို့ အုပ်ဂူကို ဖောက်တဲ့ကိစ္စအတွက်အမှုရယ် နောက်ပြီးတော့ ပြည်သူ့ဝန်ထမ်းက တာဝန်အရ တားမြစ်တဲ့ အခါမှာ ပြည်သူ့ ဝန်ထမ်းကို ဒဏ်ရာရအောင် ပြုလုပ်တာရယ် နောက် ဒဏ်ရာရပြီးတော့ သေသွားတဲ့ အတွက်ကြောင့် လူသတ်မှုငြိတယ်ပေါ့ဗျာ၊ ဒါတွေနဲ့ အမှုဖွင့်ပြီးတော့ အရေးယူဆောင်ရွက်နေပါတယ် ရဲက၊ တရားခံ နှစ်ယောက်ကတော့ ရဲစခန်းမှာ ဖမ်းပြီးတော့ စစ်ဆေးနေပါတယ်၊ နောက်တရားခံနှစ်ယောက်ကိုလည်း ဖမ်းဖို့ ကြိုးစားနေပါတယ်လို့ ပြောပါတယ်"

အခုဖမ်းဆီးထားသူတွေကို စစ်တွေမြို့ မြို့မရဲစခန်းမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၇/၃၃၃ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာအခြေစိုက်ပြီး လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာအကူညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ မြို့ခံတွေရဲ့ဆန္ဒနဲ့အညီ ကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရက ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိပါတယ်။


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရ အဖွဲ့ဟာ မြောက်ဦးမြို့က ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ မနေ့က မြောက်ဦးမြို့မှာ တွေ့ဆုံခဲ့ပြီး ပြည်နယ်အစိုးရက အကူညီပေးရေး ကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ မြောက်ဦးမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က RFA ကို အခုလိုပြောပါတယ်။

မြို့လူထု တောင်းဆိုထားတဲ့ အချက် ၉ ချက်ကို ဝန်ကြီးချုပ်ဆီကိုတင်ပြတယ်၊ အဲ့အခါမှာ ဝန်ကြီးချုပ်က " ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ NGO တွေနဲ့ ဆက်သွယ်ရေးပိုင်း ကော်မတီတွေနဲ့ အဲ့အချက် ၉ ချက်ကို တင်ပြပြီးတော့ အဲ့မှာ ဆွေးနွေးဆုံးဖြတ် ပေးပါ့မယ်၊ NGO တွေလည်း ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်၊ အလားအလာကောင်းပါတယ်၊ တောင်းဆိုချက်တွေကလည်း ဒီလောက်ကြီးမဟုတ်ပါဘူးဆိုပြီးတော့ ပြောသွားပါတယ်"

မြောက်ဦးမြို့ခံတွေက နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေအနေနဲ့ မြောက်ဦးမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ မြို့ခံလူထုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေအကြား ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာ ပြုလုပ်ပေးဖို့ အပါဝင် အချက် (၉) ချက်ပါ ကြေငြာချက်တရပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်နေတဲ့နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။