ဝန်ကြီးကို အမှုဖွင့်ဖို့ တိုင်ကြားချက် ရဲစခန်းပယ်ချ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာကြောင့် မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ သံဃာတော်နှစ်ပါး က ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ တိုင်ကြားတာကို ဆားလင်းကြီး မြို့မရဲစခန်းက ပယ်ချလိုက်ပါတယ်။

ဆားလင်းကြီးရဲတပ်ဖွဲ့က ငြင်းပယ်ခဲ့တဲ့အကြောင်း သံဃာ ၂ ပါးကို ကိုယ်စားပြုပြီးတိုင်တန်းခဲ့တဲ့ ကိုနေသီဟ က အခုလို ပြောပါတယ်။

"သူတို့လက်ခံမှု မခံမှုကို အထက်အဆင့်ဆင့် ကိုတင်ပြတယ်၊ တင်ပြပြီးတော့မှ ဘာကြောင့် လက်မခံတယ် ဆိုတဲ့အကြောင်းကို အကြောင်းပြန် လာတယ်၊ သူတို့ရေးထားတဲ့ ပုဒ်မတွေကိုတော့ နားမလည်ဘူး၊ ဒါပေမဲ့ သူတို့က ပြည်သူ့ ဝန်ထမ်းတွေဖြစ်နေတယ်၊ ဥပဒေနဲ့မညီတဲ့ လှုပ်ရှားမှုတွေကို နှိမ်နင်းတဲ့အခါမှာ သူတို့အနေနဲ့ အကာအကွယ်ရှိတယ်ပေါ့၊ ဒါကြောင့်မို့လို့ အမှုဖွင့်လို့ မရပါဘူးဆိုတာ အကြောင်းပြန်တယ်၊ ဥပဒေကျွမ်းကျင်တဲ့သူတွေနဲ့ ထပ်ပြီးတိုင်ပင်ဦးမယ်ဗျ"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်တွေက မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏနဲ့ ဦးဝိသုဒ္ဓတို့ကိုယ်စား ဦးတိက္ခဉာဏရဲ့သားဖြစ်သူ ကိုနေသီဟက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းမှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဆရာတော် ဦးတိက္ခဉာဏဟာ ခြေထောက်နှစ်ဖက်လုံးမသန်တော့ဘဲ ဆရာတော် ဦးဝိသုဒ္ဓက အရေပြားဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။