ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ကျိန ္တလီမြို့နယ်ခွဲမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ အုန်းခြံမြေဧကပေါင်း ၁၀၀၀ ကျော် ပြန်ရရှိရေးအတွက် ဂွမြို့နယ် တောင်သူတွေက ဆန္ဒပြခွင့်တင်ထားတာကို အမ်းမြို့နယ် ရဲတပ်ဖွဲ့က ပယ်ချလိုက်ပါတယ်။
အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ မနေ့က ခွင့်ပြုချက်လျှောက်ထားခဲ့ရာမှာ အဲဒီလျှောက်လွှာကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒီကနေ့ ဖုန်းဆက် အကြောင်းကြားလာခဲ့တာဖြစ်ကြောင်း ဆန္ဒပြခွင့် ဦးဆောင်လျှောက်ထားတဲ့ ဂွမြို့ခံ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက RFA ကို ပြောပါတယ်။
"ကျနော်တို့ ဂွမြို့နယ်က လယ်ယာမြေ အသိမ်းခံထားရတဲ့ လယ်သမားတွေက ဆန္ဒဖော်ထုတ်ပွဲလုပ်ဖို့အတွက် မနေ့ကတုန်းက အမ်းမြို့နယ် ရဲတပ်ဖွဲ့ရုံးကို ခွင့်ပြုမိန့်တင်ထားပါတယ်၊ ဒါပေမယ့် ဒီနေ့ပဲ အဲဒီကနေပြီးတော့ တယ်လီဖုန်းနဲ့ ခွင့်မပြုနိုင်ဘူးလို့ လှမ်းပြောပါတယ်"
လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တွေနောက်ပိုင်း ဂွမြို့နယ် ကမ်းသာယာကမ်းခြေ တဝိုက်မှာရှိတဲံ အုန်းခြံမြေဧကပေါင်း ၃၀၀ ကျော်ကို လျော်ကြေးအနည်းငယ်သာပေးပြီး သိမ်းယူခဲ့တာဖြစ်သလို ကျိန ္တလီမြို့နယ်ခွဲအတွင်းမှာရှိတဲ့ ပုန်းညှက်ကျေးရွာတစ်ဝိုက်က လယ်ယာမြေဧက ၇၀၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် အဲဒီမြေယာနဲ့ အုန်းခြံတွေအပေါ်မှာ စီမံကိန်း အကောင်အထည်ဖော်တာမရှိပဲ အုန်းခြံမြေကို ပြီးခဲ့တဲ့ ၂၀၁၃ နှစ်ကုန်ပိုင်းအချိန်အထိ တပ်မတော်က စီးပွားရေးလုပ်ငန်းရှင်တွေကို ကန်ထရိုက်စနစ်နဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားခဲ့ကြောင်းလည်း တောင်သူတွေက ပြောပါတယ်။
လက်ရှိ အဲဒီမြေယာတွေကို စီမံခန့်ခွဲနေတဲ့ ငပလီအခြေစိုက် ခလရ-၅၅ တပ်ရင်းရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုချက်လျှောက်ထားခဲ့ရာမှာ ငြင်းပယ်ခံခဲ့ရတဲ့အတွက် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးရှေ့မှာ တောင်သူ ၁၅၀ လောက်က ဆန္ဒပြဖို့ ခွင့်ပြုချက်တင်ခဲ့တာ ဖြစ်ပါတယ်။