အချုပ်ခန်း ဖောက်ပြေးလို့ ရဲကပစ်ခတ်ရာ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အချုပ်ခန်းထဲက တရားခံတွေဟာ မနေ့ မနက်ပိုင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဟန့်တားခဲ့ရာ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိတယ်လို့ သတင်းရရှိပါတယ်။

မိုးညှင်းရဲစခန်းရှိ အမျိုးသားအချုပ်ခန်း ၃ အတွင်းက တရားခံတွေဟာ ဧပြီ ၂ ရက်နေ့ မနက် ၂ နာရီကျော်ခန့်မှာ အချုပ်ခန်း ဖောက်ထွက်ဖို့ ကြိုးစားခဲ့တာကို တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ သိရှိသွားပြီး ဟန့်တားပေမယ့် တားဆီးမရတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်တားခဲ့ရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"သူတို့ ထွက်ပြေးချင်လို့ မီးအရင်ရှို့တာလေ၊ မီးရှို့တော့ အစိုးရပစ်လိုက်တာပေါ့၊ သေတာက နှစ်ယောက်တဲ့၊ ကျန်တဲ့ ၈ ယောက်က ဆေးရုံတက်နေတယ်"

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးကတော့ ရဲစခန်းအတွင်း သစ်သားဖျက်သံကြားရလို့ တာဝန်ကျ ရဲကင်းမှူးက ကြည့်ရှု စစ်ဆေးခဲ့ရာ အချုပ်တံခါး သစ်သားတန်းတွေကို ဖျက်ဆီးပြီး အချုပ်ခန်းအပြင်ကို တရားခံတချို့ ရောက်နေတာတွေ့လို့ ဝိုင်းတားခဲ့ရာ မရတာကြောင့် သေနတ် ၅ ချက် မိုးပေါ်ထောင်ဖောက် ချောက်လန့် ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အချုပ်သား တရားခံတွေက တားမရဘဲ စောင်တွေ အဝတ်အစားတွေ မီးရှို့ကြတဲ့အတွက် နောက်ထပ် သေနတ် ၅ ချက် ထပ်ပစ်ခဲ့ရာ တစ်စုံတစ်ရာ ငြိမ်သက်မသွားတာကြောင့် နောက်ထပ် သေနတ် ၇ ချက် ဆက်တိုက်ပစ်ခတ်ခဲ့ရာက အခုလို သေဆုံး ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်ရဲစခန်းကို ဆက်သွယ်လို့ မရတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျဝန်ထမ်း အမျိုးသမီးတစ်ဦးက မသိရှိကြောင်း ပြောပါတယ်။

ပစ်ခတ်ဟန်တားမှုကြောင့် သေဆုံးခဲ့ရသူတွေဟာ မူးယစ်ဆေးဝါးမှှုနဲ့ ဖမ်းဆီးထားတဲ့ အသက် ၃၇ နှစ်အရွယ် အောင်မြင့်သန်းနဲ့ လက်နက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အသက် ၃၅ နှစ်အရွယ် မောင်ဇော်တို့ နှစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရသူ ၈ ဦးကတော့ မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသနေရကြောင်း သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေ အခြေအနေနဲ့ ပတ်သက်ပြီး မိုးညှင်း ပြည်သူ့ဆေးရုံကြီးကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဆရာမတစ်ဦးက ပြောပိုင်ခွင့်မရှိကြောင်း ပြောပါတယ်။

မိုးညှင်းရဲစခန်းက အချုပ်ခန်း ၅ ခန်းမှာ အမျိုးသား တရားခံ ၁၀၀ ကျော်နဲ့ အမျိုးသမီး တရားခံ ၃၀ ခန့် ရှိပြီး အချုပ်ခန်း ဖောက်ထွက်ဖို့ ကြိုးစားခဲ့တဲ့ အချုပ်ခန်း ၃ မှာ တရားခံ ၇၀ ခန့်ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။