ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် လမ်းလျှောက်ခဲ့ကြတဲ့ ဧရာဝတီတိုင်း လူငယ် ကွန်ရက်အဖွဲ့ဝင် ၂၀၀ ကျော်ထဲက ၃ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပုသိမ်မြို့ ရဲစခန်းက ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ခရိုင် ၆ ခုက လူငယ်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ပွဲတွေ၊ လမ်းလျှောက်ပွဲတွေနဲ့ သံချပ်တွေ နဲ့ ဖျော်ဖြေခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရတာဖြစ် တယ်လို့ လပွတ္တာမြို့နယ် လူငယ်ကိုယ်စားလှယ် မနန်းအေးအေးခိုင်က ပြောပါတယ်။
"ဧရာဝတီတိုင်း ၆ ခရိုင်စလုံး လူငယ်တွေပေါ့၊ ဒီပုသိမ်မှာ ဒီငြိမ်းချမ်းရေး အထိမ်းအမှတ်အနေနဲ့ ပွဲလေးတစ်ပွဲလာလုပ်တယ်ပေါ့၊ ငြိမ်ချမ်းရေးနဲ့ဆိုင်တဲ့ ကဗျာတွေ၊ သီချင်းတွေ၊ သံချပ်တွေ ရွတ်တယ်ပေါ့၊ လမ်းလျှောက်တယ်၊ တူညီဝတ်စုံဝတ်တယ်ပေါ့၊ အဲ့ဒါကို ပုဒ်မ ၁၈ နဲ့ မြို့နယ်ရဲမှူးက တရားလိုအဖြစ် အမှုဖွင့် ထားတယ်တဲ့၊ ဒီလူငယ်တွေရဲ့ လှုပ်ရှားမှုတွေကို မကြိုက်တာလား၊ မလိုလားတာလား၊ သူတို့ငြိမ်းချမ်းရေး ကို မလိုလားတာလား"
ဧရာဝတီတိုင်းကွန်ရက်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အတွက် လှုပ်ရှားမယ့်အစီအစဉ်တွေ ကို ပုသိမ်မြို့ရဲစခန်းထံ အကြောင်းကြားခဲ့ပေမဲ့ ခွင့်မပြုတာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က ကျရောက်တဲ့ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ တောင်ကြီး၊ ထားဝယ်၊ မော်လမြိုင်၊ မြစ်ကြီးနားစတဲ့ မြို့တွေမှာ ကဗျာရွတ်ပွဲ၊ တေးသီချင်းဖျော်ဖြေပွဲနဲ့ လမ်းလျှောက်ပွဲတွေ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။