ပဋိပက္ခ ဖြစ်ရာမှာ ရဲတပ်က ဘာမှ မဟန့်တားဘူးလို့ စွပ်စွဲ

သံတွဲမြို့မှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မွတ်စလင်တွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်သတ်ဖြတ်နေခိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘာမှ ကာကွယ်ဟန့်တားမှုမလုပ်ခဲ့ပဲ မတ်တတ်ရပ်ကြည့်နေခဲ့ကြတယ်လို့ ဒေသခံတွေက စွပ်စွဲပြောကြကြောင်း အေပီသတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ဆိုက်ရောက်မလာခင် ၅ နာရီလောက်အလိုမှာ အကြမ်းဖက်မီးရှို့မှုတွေဖြစ်ပွားခဲ့ပြီး လူ ၅ယောက် သေဆုံးခဲ့ရတာကြောင့် အစိုးရအနေနဲ့ ဘာမှတားဆီးနိုင်စွမ်း မရှိဘူးလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေတယ်လို့လဲ ဆိုပါတယ်။

ဒေသခံမြို့သားတစ်ယောက်က အခုဖြစ်ခဲ့တဲ့ကိစ္စမှာ မနက်စောစော အာရုဏ်ဦးမှာ ဗုဒ္ဓဘာသာဝင် လူ ၁၅ဝ လောက် ရောက်လာပြီး အိမ်တစ်အိမ်ကို မီးရှို့ကြောင်း၊ မွတ်စလင်တွေက လူစုလူဝေးနဲ့ ပြန်လည်မောင်းထုတ်လိုက်နိုင်ပြီး၊ ရဲဖက်ကလဲ လက်နက်တွေအပ်နှံဖို့ အိမ်ပြန်ဖို့ ပြောခဲ့ကြောင်း ပြောပါတယ်။

အဲဒီနောက် အကြမ်းဖက်သမားတွေက မနက် ၉ နာရီခွဲမှာ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခွဲမှာ တစ်ကြိမ် နှစ်ခါပြန်လာပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ထွက်မပြေးနိုင်တဲ့ အသက် ၉၄ နှစ်ရွယ် အဖွားအိုတစ်ဦးနဲ့ ၈၉ နှစ်ရွယ်အဖိုးအိုတို့ကို ဓါးတွေနဲ့ အကြိမ်ကြိမ် ထိုးခုတ်ခဲ့တယ်လို့ပြောကြောင်း အေပီသတင်းဌာနက ဖေါ်ပြထားပါတယ်။