လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးမှာ ပါဝင်ခဲ့သူ ဒေသခံ ၇ ဦးနဲ့ ကူညီဆောင်ရွက်ပေးနေသူ ၈ ဦးကို ရွှေဘိုမြို့နယ်တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်ပြီး တရားရင်ဆိုင်ဖြေရှင်းဖို့ သတိပေးကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစာစောင်တွေကို မုံရွာခရိုင် ဆားလင်းကြီးမြို့တွင်းက ညောင်ပင်ကြီးကမ်းဆိပ်မှာ အာဏာပိုင်တွေဖက်က မနေ့က လိုက်လံဖြန့်ေဝနေတာလို့ တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ ဆည်တဲရွာဒေသခံ မဝင်းဝင်းဌေးက RFA ကို ပြောပါတယ်။
"ညောင်ပင်ကြီးကမ်းဆိပ်မှာ အာဏာပိုင်တွေက အဲဒီလက်ကမ်းစာစောင်တွေဝေနေတဲ့အခါမှာ ကျမတို့အသိတစ်ယောက်ကလာပြီးတော့ ကျမကိုလာပေးသွားတယ်ရှင့်၊ ကျမတို့ရှေ့နေတစ်ယောက် နဲ့တော့ တိုင်ပင်ပြီးတော့ ဆက်လုပ်စရာရှိတာကို ဆက်ပြီးတော့လုပ်သွားမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလိုဖမ်းဝရမ်းထုတ်တာတွေက လုံးဝတရားမျှတမှုမရှိဘူး၊ အခုလိုဖမ်းဝရမ်းထုတ်ရအောင် ကျမတို့မှာ ဘာပြစ်မှုကျူးလွန်တာတွေရှိခဲ့လဲ၊ ကျမစိတ်မကောင်းတာက ကျမတို့တောင်သူလယ်သမားတွေကို ဒီလိုဖမ်းဝရမ်းထုတ်တာကို အရမ်းစိတ်မကောင်းဖြစ်မိတယ်"
တရားခံပြေးအဖြစ် ကြေညာခံထားရသူတွေအနေနဲ့ တရားရုံးမှာ လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ ရှောင်တိမ်းနေမယ်ဆိုရင် ကျေးရွာတွေထဲကို အင်အားသုံး ဝင်ရောက်ရှာဖွေဖမ်းဆီးမှာဖြစ်ပြီး အကာအကွယ်ပေးထားသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဗထူး အပါအဝင် ၆ ဦး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်က ကိုဟန်ဝင်းအောင်၊ ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကိုသောင်းထိုက်ဦး၊ တုံရွာဒေသခံ ကိုအောင်သန်းမျိုးနဲ့ ကိုတင့်ဇော်၊ ဆည်တဲရွာဒေသခံ မဝင်းဝင်းဌေး အပါအဝင် ၃ ဦး၊ မိုးကြိုးပြင်အလယ်က ကိုဇော်နိုင်နဲ့ မဝ (ခ) မတင်မာရွှေတို့ကို ဖမ်းဝရမ်းထုတ်ပြီး တရားခံပြေးတွေအဖြစ် ကြေညာထားပါတယ်။