ကျောင်းသားသပိတ်ကူညီသူ ၅ ယောက်ကို မြင်းခြံရဲက ဝရမ်းထုတ်ထား

0:00 / 0:00

သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှောက်ကျောင်းသားတွေပြန်လွှတ် ဖို့ မြင်းခြံမြို့မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကူညီဝန်းရံတဲ့မြို့ခံ ၅ ဦးကို ရဲတပ်ဖွဲ့က တရားခံပြေးတွေအဖြစ် ဝရမ်းထုတ်ထားတယ်လို့ သိရှိရပါတယ်။

ကိုသန့်ဇင်၊ ကိုကိုနိုင်၊ ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနဲ့ ကိုဖြိုးဟန်တို့ကို ရဲတပ်ဖွဲ့က အလိုရှိနေတယ်လို့ မြင်းခြံမြို့အမှတ် (၁) ရဲစခန်းမှူးဦးမြင့်နိုင်က RFA ကို ပြောဆိုပါတယ်။

"သူတို့က ပတ်သက်နေတယ်၊ နောက်တစ်ခု မျက်မြင်သက်သေတွေ၊ ဓါတ်ပုံအထောက် အထားတွေနဲ့ သူတို့က အမှုနဲ့ငြိစွန်းသွားပြီ"

အဲဒီလူဦးမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကိုဖြိုးဟန်ကတော့ စခန်းမှူး ဦးမြင့်နိုင်ပြောသလို ၂၇ ရက်နေ့ ဆန္ဒပြပွဲပြုလုပ်ချိန်က မြင်းခြံမြို့မှာ သူမရှိပါဘူးလို့ RFA ကိုပြောပါတယ်။

"၂၇ ရက်နေ့တုန်းက ကျနော်မပါဘူးဗျ၊ အထောက်အထားလည်းမရှိဘဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကို တက်ကြွလှုပ်ရှားတဲ့လူတွေကို ဆွဲထည့်တာလို့ ကျနော်ကအဲ့လိုပဲထင်တာပဲ"

အဲဒီ့သူ ငါးဦးထဲက ကိုသန့်စင်ဆိုသူကို တနင်္လာနေ့မှာ ရဲကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် ဝန်းကျင်မှာဖွဲ့စည်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ရဲ့ ဥက္ကဌဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။ ကျန်လေးဦးကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြပြီး ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး သပိတ်မှောက်တောင်းဆိုမှုကို ထောက်ခံနေသူတွေဖြစ်ပါတယ်။

မြင်းခြံမြို့မှာ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေ ဖမ်းဆီးခံရတာကို ဆန့်ကျင်ဆန္ဒပြလို့ အဖမ်းခံရသူတွေနဲ့ ရဲတပ်ဖွဲ့ အလိုရှိနေသူတွေကိစ္စအတွက် အမှတ် (၁) RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။