အမေရိကန်ရောက် မြန်မာများကို ရဲတပ်ဖွဲ့ဝင်ဖို့ ကမ်းလှမ်း

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြို့နယ် ရဲတပ်ဖွဲ့ အကြီးအကဲ Rusty York နဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အခြေချနေထိုင်သူ ကျောင်းသား မိဘတွေ မတ်လ ၂၇ ရက် မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။

2011.03.28
us_police_officers_305_z.png အမေရိကန် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒီဆွေးနွေးပွဲကို ဖို့ဝိန်းမြို့မှာ ရှိတဲ့ IPFW အင်ဒီးယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ IPFW တက္ကသိုလ်က အသစ်ရွှေ့ပြောင်း အခြေချ နေထိုင်သူများ စာတတ်မြောက်ရေး အစီအစဉ် ညွှန်ကြားရေးမှူး ဦးကျော်သိန်းစိုးက ပြောပါတယ်။

“၁၀ နာရီကနေပြီးတော့ ၁၀ နာရီခွဲအထိက ခလေးတွေ အစီအစဉ်၊ ခလေးတွေကို ရဲမှူးက အရင် မိတ်ဆက်ပေးတာ။ မိတ်ဆက်ပေးပြီးတော့ ကလေးတွေ သူတို့မှာ ရှိတဲ့ မေးခွန်းတွေကို အရင်ဖြေတယ်ဗျ။ ခလေးတိုင်းရဲ့ မေးခွန်းပေါ့လေ။ အဲဒါ ရဲကို ဘယ်လို ခန့်သလဲ။ ရဲလုပ်ငန်းက ဘယ်လောက် ရှိသလဲ၊ ရဲထဲမှာ minority ဘယ်လောက် ရှိသလဲပေါ့လေ။ နောက်တခါ ရဲ ပိုက်ဆံ ဘယ်လောက် ရသလဲ၊ ရဲပေါင်း ဖို့တ်ဝိန်းမှာ ဘယ်လောက် ရှိသလဲ။ ခလေးတွေ အဲဒါမျိုးတွေ မေးတယ်။ အဲဒါ ပထမအစီအစဉ်။ ဒုတိယအချိန်မှာတော့ မိဘတွေ အစီအစဉ်ပေါ့ဗျာ၊ ၁၀ နာရီခွဲကနေပြီးတော့ ၁၂ နာရီထိ။ အဲဒါကတော့ မိဘတွေကို သီးသန့် education လုပ်ပေးတာပေါ့လေ။ အဲလို လုပ်ပေးခြင်းအားဖြင့်လည်းပဲ ရဲမှူးကြီး ကိုယ်တိုင်လည်းပဲ မြန်မာတွေရဲ့ သဘောသဘာဝ cultural တွေပေါ့လေ။ သူလည်းပဲ အများကြီး သင်သွားတယ်။ သူကိုယ်တိုင်လည်း ဝန်ခံသွားတယ်။ ငါတို့ အများကြီး သင်လိုက်ရတယ်တဲ့။ ဒီနေ့ ငါတင် educate လုပ်ပေးတာ မဟုတ်ပဲနဲ့ မင်းတို့ဆီကလည်း ငါတို့ အများကြီး သင်ခဲ့ရတယ်ပေါ့လေ။ အဲဒါ ဒုတိယ အစီအစဉ်ပေါ့လေ။ တော်တော်ကောင်းပါတယ်။ အားရပါတယ်။ သူလည်း ဝမ်းသာပါတယ်။ ဒီကိစ္စကိုလေ။”

မြန်မာမိဘတွေနဲ့ ကလေးတွေက အမေရိကန် ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ လိုက်နာသင့်တဲ့ ဥပဒေတွေနဲ့ အခွင့်အရေးတွေ အကြောင်း စိတ်ဝင်တစား မေးမြန်းခဲ့ကြပြီး၊ ရဲမှူးကြီးကလည်း မြန်မာလူမျိုးတွေကို ရဲတပ်ဖွဲ့မှာ ပါဝင်အမှုထမ်းကြဖို့ အလေးထား ကမ်းလှမ်းခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မိဘတဦးက ပြောပါတယ်။

“သူက ကမ်းလှမ်းလာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခု လက်ရှိ ဖို့တ်ဝိန်းမှာ ရဲ ဗမာပြည်သား မရှိဘူးလေ။ နောက် အဲဒီ ဗမာပြည်သားနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းရတာ သူ့မှာ အများကြီး အခက်အခဲ ဖြစ်တယ်လေ။ အခု လောလောဆယ်မှာ သူ့မှာ ဟို ဘာသာပြန် ခေါ်ရတာနဲ့ အဲဒီအတွက်ကိုက အချိန်ပေးရတယ်လေ။ နိုင်ငံခြားလူမျိုးတွေ ရှိတဲ့အခါကျတော့ တိုက်ရိုက် ပြောတဲ့ဟာကျတော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရှိတာပေါ့နော်။”

“မြန်မာကတော့ သိတဲ့အတိုင်း ဘာကိစ္စဖြစ်ဖြစ် ဖြစ်လာတဲ့ဟာကို အမြန်ဆုံးနည်းနဲ့ သူတို့ ဖြေရှင်းကြတယ်လေ။ ခွင့်ပြုချက်ကတော့ ၂၁ နှစ်ကနေ ၃၆ နှစ်အတွင်းကို ရဲလုပ်ခွင့်ရှိတယ်၊ အထက်တန်း အောင်ရမယ်၊ အဲဒီဟာပဲ။ ကိုယ်အလေးချိန်တို့ ဘာတို့ကတော့ မလိုဘူး။ အရပ်ပေတွေ ဘာတွေလဲလေ။ အဲလိုတော့ ပြောတယ်၊ မနေ့ကတုန်းက။”

မြန်မာလူမျိုးတွေ အနေနဲ့ ရဲအရာရှိ တာဝန်ထမ်းဆောင်မယ်ဆိုရင် တနှစ်ကို အမေရိကန်ဒေါ်လာ ၄ သောင်း ၈ ထောင် ဝင်ငွေ ရရှိမှာ ဖြစ်ကြောင်း ရဲမှူးကြီးက ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ မိဘတွေက ပြောပါတယ်။

ဖို့ဝိန်းမြို့ဟာ အမေရိကန် ပြည်ထောင်စုမှာ ဒုက္ခသည်အဖြစ် လာရောက် ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ အများဆုံး နေထိုင်တဲ့ မြို့ဖြစ်ပြီး၊ မြန်မာနိုင်ငံသား ၇ ထောင်လောက် ရှိတယ်လို့ သိရပါတယ်။

ဖို့ဝိန်းမြို့က ရဲတပ်ဖွဲ့ခေါင်းဆောင်နဲ့ မြန်မာလူမျိုးတွေ တွေ့ဆုံပွဲ အကြောင်း RFA မှ ကိုကျော်ကျော်အောင်က အပြည့်အစုံ တင်ပြထားပါတယ်။

သတင်းတင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-03-28 21:16

US 1$ = 900kyats

Anonymous
2011-03-29 18:29

လူလည်ကြီးများကတော့ လုပ်ချလိုက်ပြန်ပြီ...

ဗမာလူမျိုး ရဲ တွေခန့်ပြီး ဗမာပြဿနာဖြစ်လာတိုင်း အိုးမည်းသုတ်ပြီး ခွပ်ခိုင်းတော့မယ်။ ဒါကိုဝမ်းသာနေကြတဲ့ သူတွေကလည်းနော်၊ မစဉ်းစားတတ်တာလား၊ ဘာဖြစ်ဖြစ် တစ်လ လေးထောင် သေချာနေတာမို့လို့လား... ၀မ်းနည်းစရာပဲ။ ကြိုးစားရင် ရဲချုပ်ကြီးဖြစ်မယ် ထင်နေလားဟင်...