မိတ်ဆွေများ ၁၀ ပါတီနဲ့ ကြံ့ခိုင် ဖွံဖြိုးရေးပါတီ ဆွေးနွေး

မိတ်ဆွေများ ၁၀ ပါတီနဲ့ ရန်ကုန်တိုင်း ကြံ့ခိုင် ဖွံဖြိုးရေး ပါတီက ဦးအောင်သိန်းလင်းတို့ မနေ့က တွေ့ဆုံ ဆွေးနွေးကြပြီး "လွှတ်တော်ပြင်ပ နိုင်ငံရေး" မှာ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

မနေ့က အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ပါတီ အကျိုးစီးပွားထက် နိုင်ငံအကျိုးကို ရှေးရှုပြီး ဘယ်ပါတီနဲ့ မဆို ပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုတဲ့ သဘောထား အရ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စလည်း ပါဝင်ပြီး အဲဒီ ကိစ္စကို ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ အစည်းအဝေးမှာ တင်ပြမယ်လို့ ဦးအောင်သိန်းလင်းက ကတိပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လွှတ်တော် အတွင်း ဥပဒေပြုရေး ကိစ္စတွေမှာ ပါတီ အချင်းချင်း နားလည်မှု မရှိတဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တင်သွင်းခဲ့တဲ့ လယ်ယာမြေ ပြုပြင်ရေး ဆိုင်ရာ ဥပဒေမှာ သဘောထား ကွဲလွဲပြီး အဲဒီဥပဒေကို ဆိုင်းငံ့ထားရတယ်လို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။ ပါတီတွေချင်း လွှတ်တော် ပြင်ပမှာလည်း ဆွေးနွေးကြမယ် ဆိုရင် အရေးကြီးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ တင်သွင်းတဲ့ အခါ ကြိုတင် ညှိနှိုင်းမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။