နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ပေါင်း တစ်သိန်းကျော်ရရှိ

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က စတင် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း တစ်သိန်းကျော် ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလက်မှတ်တွေကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို လိပ်မူပြီး ဒီကနေ့ ပေးပို့မယ်လို့ ဦးဆောင် စီစဉ်သူ တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဖြိုးမင်းသိန်းက အာအက်ဖ်အေကို ပြောပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဟာ ပထမအဆင့် ဖြစ်တာကြောင့် အစိုးရ အနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို နိုင်ငံ အနှံ့အပြားမှာ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ဒီလှုပ်ရှားမှုကို ၈၈ မျိူးဆက် ကျောင်းသားတွေ အပါအဝင်၊ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက် အကောင်အထည် ဖေါ်ခဲ့တာ ဖြစ်ပါတယ်။