နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အကျဉ်းထောင်တွေကို ဝင်ရောက်လေ့လာမည်

0:00 / 0:00

မကြာသေးခင်က သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ဦးဆောင်ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဟာ ပထမဆုံးအကြိမ်အဖြစ် အကျဉ်းထောင်တွေကို မကြာခင်သွားရောက်လေ့လာမယ်လို့ သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ကျင်းပတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီအစည်းဝေးကနေ အကျဉ်းထောင်တွေကို သွားရောက်လေ့လာဖို့ သဘောတူညီခဲ့ကြတာလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ချုပ်က ဦးညိုထွန်းက RFA ကို ပြောပါတယ်။

"ဖြစ်နိုင်လို့ရှိရင် ကျနော်တို့ကွင်းဆင်းပြီး ထောင်တွေအထိလေ့လာဖို့၊ မေးမြန်းဖို့ ဆုံးဖြတ်ထားတယ်ပေါ့၊ ဒီကနေ့အစည်းအဝေးကတော့ မဆိုးပါဘူး၊ ကောင်းပါတယ်၊ ဝန်ကြီးပြောတဲ့လုပ်ငန်းစဉ်တွေကို ဘယ်လိုဆက်ပြီးလုပ်သွားမယ်၊ ဘယ်လိုဖော်ဆောင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေချခဲ့တယ်"

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို အရင်ကအဖွဲ့ဝင် ၁၅ ဦးရှိရာကနေ ၁၉ ဦးအထိ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီထဲမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အပါအဝင် နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေလည်းပါဝင်ပါတယ်။

အဲဒီကော်မတီအနေနဲ့ များမကြာမီ ရုံးခန်းသစ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားဖို့ ရှိတယ်လို့သိရပါတယ်။

လေ့လာသူတွေရဲ့အဆိုအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် ကျန်ရှိနေသေးကြောင်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတော့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း အတိအကျကို အခုထိ ထုတ်ပြန်မှုမရှိသေးပါဘူး။

ဒီဆွေးနွေးပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။