နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံး၀ ရုပ်သိမ်းနိုင်မည်

မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။

လာမယ့် ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာပြည် နောက်ပြန်မလှည့်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုရင် ယာယီ ဆိုင်းငံ့ထားတဲ့ အီးယူ ပိတ်ဆို့မှုတွေ အားလုံးဟာ လုံး၀ ပွင့်သွားနိုင်ပါတယ်လို့ ဝါဆောမြို့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အီးယူက ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ သစ်လုပ်ငန်း၊ သစ်အချောထည်လုပ်ငန်းနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်ကြတဲ့ ကုမ္ပဏီ (၈၀၀) ကျော်နဲ့ ကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ( ၅၂) ခုမှာ ရင်းနှီးမြှုပ်နှံခွင့်၊ စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ ပုဂ္ဂိုလ် စုစုပေါင်း (၄၉၁) ယောက်အပေါ် ဥရောပဝင်ခွင့် ဗီဇာပိတ်ပင်ထားတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ယာယီ ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ပစ္စည်း ရောင်းချမှု မပါဝင်ပါဘူး။ မြန်မာအပေါ် ပိတ်ဆို့မှု (၁၂) လတိတိ ယာယီ ဆိုင်းငံ့ထားစဉ်အတွင်း အခြေအနေ တိုးတက်မှုရှိမရှိကို အီးယူက အနီးကပ် အသေအချာ စောင့်ကြည့်နေမှာဖြစ်ပြီး အောက်တိုဘာလမှာ ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အီးယူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒါအပြင် သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေတယ်ဆိုရင် (၁၂) လ မတိုင်ခင်အတွင်း အီးယူအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးကလည်း ပိုလန်နိုင်ငံဟာလည်း စစ်အစိုးရလက်အောက် ကျရောက်ခဲ့ရဖူးပါတယ်။ အသွင်ကူးပြောင်းရေး ဆောင်ရွက်လိုက်လို့ ပိုလန်ဟာ နောင်တမရတဲ့အပြင် စံနမူနာ ယူစရာတောင် ဖြစ်လာခဲ့ပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်များ အတွက်လည်း နမူနာယူစရာပါလို့ ပြောဆိုပါတယ်။