၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုနောက်ပိုင်းမှာ ကျောင်းတိုက်ကို ချိတ်ပိတ်ထားခဲ့ရာက ပြန်လည် သီတင်းသုံးနေထိုင်ခွင့်ရတာနဲ့ပတ်သက်ပြီး ဆရာတော် ဦးပဏ္ဏဝံသ က လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက လာဖွင့်ပေးပြီး တရားဝင် ကျောင်းပြန်ထိုင်တာဖြစ်ကြောင်း၊ အဖမ်းဆီးခံ သံဃာတော်များ လွတ်လွတ်လပ်လပ် ပြန်လည်သီတင်းသုံးနေထိုင်ခွင့်ပြုတာ အစိုးရဘက်က သိစေချင်ပုံပါကြောင်း အာအက်ဖ်အေကို မိန့်ကြားပါတယ်။
ဆရာတော် ဦးပဏ္ဏဝံသဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ အရှင်ဦးဃောသိတကို ပံ့ပိုးကူညီမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အကျဉ်းထောင်မှာ ၄ နှစ်နဲ့ ၄ လ နေခဲ့ရပြီးနောက် သမ္မတ ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန္န၀ါရီ ၁၃ ရက်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
ဆရာတော် ဦးပဏ္ဏဝံသရဲ့ ကျောင်းတက်ပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားတွေ ပရိသတ် ထောင်နဲ့ချီတက်ရောက်လာကြကြောင်း သိရပါတယ်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရနဲ့ တခြားဆရာတော်တချို့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့နောက် သီတင်းသုံးခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ကို ချိတ်ပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့လက ပြန်ဖွင့်ပေးခဲ့ပါတယ်။