နိုင်ငံရေး အကျဉ်းသား (၅၆) ဦး လွှတ်ပေး

0:00 / 0:00

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။

လွတ်မြောက်လာသူအများစုဟာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)(၂) နဲ့ အရေးယူခံခဲ့ ရသူတွေဖြစ်ပြီး အားလုံးဟာ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက တင်ပြထားတဲ့ စာရင်းအရ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

" လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက စီစစ်ပြီး တင်ပြထားတဲ့ သူတွေပါ ခင်ဗျ၊ ၁၁၁ ဦးရှိသေးတယ်၊ သမ္မတ ဦးသိန်းစိန်က ပြောထားတာပဲ ဒီဇင်ဘာမှာ နိုင်ငံရေး အကျဥ်းသားတွေ အကုန်လွှတ်ပေးမယ်လို့ ပြောထားတယ်လေ၊ သမ္မတ အနေနဲ့ အကုန်လွှတ်ပေးမလား မလွှတ်ပေးမလားဆိုတာက အဲ့ဒီအထိကိုပဲ စောင့်ကြည့်ရမှာပဲ"

ဗန်းမော်အကျဉ်းထောင်က ၇ ဦး၊ သီပေါအကျဉ်းထောင်က ၁၁ ဦး ၊ လားရှိုးအကျဉ်းထောင်က ၁၅ ဦး အပြင် ခန္တီး၊ အင်းစိန်၊ ကလေး၊ ကျိုင်းတုံ စတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာကြတာဖြစ်ပါတယ်။

ကေအိုင်အိုနဲ့ ဆက်သွယ်တယ် ဆိုပြီး ထောင်ချခံထားရသူ ၁၈ ဦး၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချခံထားရသူ ၄ ဦးလည်း လွတ်မြောက်လာသူတွေထဲမှာ ပါဝင်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ ပြောထားပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ စာရင်းအရ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၁၁ ဦးကျန်နေသေးတယ်လို့ သိရပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ၅ လပိုင်းကစပြီး အခုချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ၁၂ ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံရေးအကျဉ်းသား ၅၆ ဦး လွှတ်ပေးမှုနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။