မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက နိုင်ငံရေး အကျဉ်းသား ၂၃ ယောက် ဒီကနေ့ လွတ်မြောက် လာကြောင်း သတင်းရရှိပါတယ်။
ဒီတစ်ကြိမ်လွတ်မြောက်ရာမှာ တကယ်လို့ ပြစ်ဒဏ် ကျူးလွန်ခဲ့ရင် အရင်ပြစ်ဒဏ်ဟောင်းတွေနဲ့ တစ်ပေါင်း တည်း ပြန်လည်ကျခံဖို့ ခံဝန်ကတိ ပုဒ်မ ၄၀၁ ထိုးစရာ မလိုပဲ လွှတ်ပေးလိုက်တာလို့ အင်းစိန်ထောင်က ဖောက်ခွဲ သံသယမှုနဲ့ လွတ်မြောက်လာတဲ့ ကိုကံမင်းသာက ပြောပါတယ်။
ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို ဖယ်လိုက်ရင် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၁၆၀ကျော်လောက် ကျန်နေသေးတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။
ခုလိုနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရာမှာ ကျန်ရှိနိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်တယ်ဆိုတဲ့အမိန့်ကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေက လိုလားနေကြပါတယ်။
နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ဒီကနေ့လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
၂ဝဝ၈ ခုနှစ်မှာ အဖမ်းခံရပြီး ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံထားရတဲ့ ကိုအေးမင်းနိုင်နဲ့ သူ့ဇနီး မစန်းစန်းမော်တို့ဟာ သာယာဝတီထောင်ကနေ မနေ့က ပြန်လွတ်လာပါတယ်။ ကိုအေးမင်းနိုင် အဖမ်းခံရစဉ်က ABSDF ကျောင်းသားတပ်မတော်ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပါတယ်။ သူ့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။