ပြန်လွတ်လာသူ နိုင်/ကျဉ်းသားများစာရင်း အတိအကျ မကြေညာ

0:00 / 0:00

နှစ်ဆန်းတစ်ရက်နေ့က အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၈၃ ဦးရဲ့ အမည်စာရင်း ကို သက်ဆိုင်ရာက ထုတ်ပြန်မပေးတာကြောင့် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့များက အကျဉ်းထောင်တစ်ခုချင်းအလိုက် စီစစ်မှုတွေလုပ်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်လျောက်ရေးအဖွဲ့ AAPP က RFA ကိုပြောပါတယ်။

နို်င်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ လွတ်လာသူစာရင်းမှာ အမည်များမပါဘဲ အကျဉ်းထောင် ၂၅ ခုက လွှတ်ပေးတဲ့ အရေအတွက်စာရင်းကိုသာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး AAPP အဖွဲ့ အတွင်းရေးမှူးကို တိတ်နိုင်က ပြောပါတယ်။

"ဒီ ၈၃ ယောက်စာရင်းဆိုရင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရမှာ ပြည်သူတွေက ဘယ်သူတွေလွတ်လာ ပြီးတော့ ဘယ်သူတွေကျန်နေလဲဆိုတဲ့ကိစ္စတွေကို သိချင်နေတယ်၊ အဲ့အတွက်အများကြီးမျှော်လင့်နေပါတယ်၊ ဒီစာရင်းတွေ မထွက်လာတဲ့အတွက်ကြောင့်မို့ ပြည်သူတွေ အားမလိုအားမရဖြစ်နေတာကတော့ အသေအချာ ပါပဲ၊ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း အားမလိုအားမရဖြစ်နေ ပါတယ်၊ အခုလူ ၈၃ ယောက်မှာ အခုကျနော်တို့ ၆၅ ယောက်ရပါပြီ နောက်ထပ်ကျန်သေးတဲ့ ၁၈ ယောက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေရမယ့်သဘောမျိုးဖြစ်နေတဲ့အခါကျတော့ အဲ့တာမလိုအပ်ဘဲ အချိန်ကုန်နေတဲ့ဆိုတဲ့ ဟာမျိုးဖြစ်ပါတယ်"

AAPP အဖွဲ့ရဲ့စိစစ်မှုအရ လွတ်လာသူ ၆၅ ဦးဟာ နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး ကျန်လူတွေနဲ့ပတ်သက်ပြီး စုံစမ်းနေရစဲဖြစ်တယ်လို့ ပြောပါတယ်။

AAPP စာရင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ရှိပြီး တချို့ အကျဉ်းသားတွေကို လွတ်ပေးရေးမှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ ကာ/လုံရဲ့သဘောတူညီချက်ရယူဖို့ လိုအပ်ချက်ရှိနိုင်တယ်လို့ သိရပါတယ်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။