နိုင်ငံရေးအကျဉ်းသား လွတ်ပေးတာ လုံလောက်မှု မရှိ

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွတ်ငြိမ်းချမ်းသာခွင့် မှာ ထည့်သွင်း လွှတ်ပေးခဲ့တာဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ခြေလှမ်း လှမ်းလိုက်တာ ဖြစ်ပေမယ့် မျှော်လင့်ထား တာထက် နည်းလွန်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးအရာရှိ ဗီဂျေးနမ်ဘီးယား က လုံခြုံရေးကောင်စီကို တင်ပြလိုက်ပါတယ်။

သုံးရက်ကြာ မြန်မာခရီးစဉ်နဲ့ လေ့လာ တွေ့ရှိချက်တွေကို လုံခြုံရေးကောင်စီကို မေလ ၁၉ ရက်နေ့က တံခါးပိတ် တင်ပြ အစီရင်ခံရာမှာ မစ္စတာနမ်ဘီယားက အခုလို ပြောကြားခဲ့တာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mr. Martin Nesirky က သတင်းထောက်တွေကို မနေ့က ပြောပါတယ်။

ထောင်ဒဏ် လျှော့ပေ့ါတာနဲ့ နိုင်ငံရေးအကျဉ်းသား တချို့ လွှတ်ပေးတာဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ခြေလှမ်းငယ် လှမ်းတာ ဖြစ်ပေမယ့် မျှော်လင့်ထားတာထက် နည်းပြီး မလုံလောက်ဘူးလို့ Mr. Martin Nesirky က ပြောပါတယ်။

မြန်မာအစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လမ်းပြမြေပုံကို လက်မခံတဲ့ နိုင်ငံရေးအဖွဲ့စည်းအားလုံး ငြိမ်းချမ်းရေး တံခါးဖွင့်ထားတယ်လို့ ပြောဆိုချက်အပေါ် ကြိုဆိုတယ်လို့လည်း မစ္စတာနမ်ဘီယားက ပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး စိန်ခေါ်ချက်တွေနဲ့ ဒီပြဿနာတွေ ပြေလည်အောင် ဖြေရှင်းရာမှာ နိုင်ငံ စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံ ဖြေရှင်းဖို့ လိုကြောင်း၊ မြန်မာအစိုးရက အသိအမှတ်ပြုခဲ့တာကို ကြိုဆိုကြောင်း၊ အစိုးရက လုပ်ဆောင်ဖို့ ပြောဆိုထားတာတွေဟာ အားရစရာ ရှိပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံ ယုံကြည်လာဖို့ကတော့ ခေါင်းဆောင်မှုနဲ့ မူဝါဒတွေမှာ လက်တွေ့ လုပ်ဆောင်မှုတွေအပေါ် မူတည်ကြောင်း မစ္စတာနမ်ဘီယားက တင်ပြခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mark Grant က ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံကို မကြာခဏ သွားရောက်လည်ပတ်ပြီး မြန်မာ့အရေး ဆောင်ရွက်နိုင်တဲ့ အချိန်ပြည့် အမြဲတမ်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တဦး ခန့်ဖို့ သဘောတူ ကြောင်း၊ အကျဉ်းသား လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၂ ရာခိုင်နှုန်းကျော်သာ ပါဝင်ခဲ့တယ်လို့လည်း ဗြိတိန် သံအမတ်ကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။