ဘိန်းစိုက်တောင်သူတွေနဲ့ သူတို့ကိုထောက်ပံ့နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ကြောင့် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားနေတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက ဒီနေ့ ပြောလိုက်ပါတယ်။
၂၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က အဝေရာကုန်းသာယာ မီးပုံပျံကွင်းမှာ အမေရိကန်ဒေါ်လာ ၆၄ သန်းကျော်တန်ဖိုးရှိတဲ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မနက်ပိုင်း က မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကျင်းပစဉ် ရဲမှူးကြီး ဝင်းထွန်းက ပြောခဲ့တာပါ။
အဲဒီအခမ်းအနားကို ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲနိုင်အောင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အပါအဝင် လူ ၁ဝဝဝ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းဆီခဲ၊ ဘိန်းချေး၊ ဘိန်းမျိုးစေ့၊ ဆေးခြောက်၊ အိုက်စ်၊ အက်ဖီဒရင်းဆေးပြား၊ စိတ်ကြွ ရူးသွပ်ဆေးပြားနဲ့ ဘိန်းချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒဆေးရည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ကို ရှမ်းပြည်နယ်မှာ စိုက်ပျိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့မိသားစု ၃ သိန်းကျော်ရှိကြောင်း UNODC ရုံးက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်ဒေါ်လာ ၈၂ သန်းကျော်တန်ဖိုးရှိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို တောင်ကြီးမြို့ မှာ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်