ဇန်နဝါရီလကုန်ပိုင်းမှာ ကျင်းပဖို့လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ရက်နောက်ဆုတ်ပေးဖို့ တောင်းဆိုတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်တဲ့ သဘောမဟုတ်ဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက ဒီနေ့ ပြောပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ လျာထားရက်ရွှေ့ဆိုင်းဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက် ချနိုင်မှာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
"ရပ်တန့်ဖို့အတွက်လည်း ကျမတို့ မလုပ်ပါဘူး။ ဆုတ်ဖို့အတွက် စဉ်းစားချက်ရှိတယ်ဆိုတာမျိုးပါပဲ။ ဆုတ်တာ ပဲဖြစ်ဖြစ် ရွှေ့တာပဲဖြစ်ဖြစ် အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ညှိပြီးမှလုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ရက်ကိုသတ်မှတ်မယ်ဆိုလို့ရှိရင်လည်း ဘယ်လောက်အတိုင်းအတာအထိ ရက်ကိုရွှေ့မယ်ဆိုတာကတော့ တဖက်နဲ့ တဖက် တိုင်ပင်ပြီးမှ ရက်အတိအကျထွက်သွားမယ့် သဘောဖြစ် ပါတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေ လျစ်လျူရှုခံရတာ၊ ကန့်သတ်ပိတ်ပင်ခံရတာတွေကို နိုင်ငံတော် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွေကို တစ်နှစ် ၂ ကြိမ် ကျင်းပဖို့ သဘောတူထားပြီး ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် စက်တင်ဘာလနဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ပြီးခဲ့တဲ့နှစ် မေလ အတွင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။