လွှတ်တော် PR စနစ် အကောင်ထည်ဖော်ရေးကော်မတီက NLD ကိုယ်စားလှယ် ၅ ဦးနှုတ်ထွက်

0:00 / 0:00

PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှု ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေး ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးဟာ မနေ့က ကော်မရှင်အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။

နှုတ်ထွက်ခွင့်ကို လွှတ်တော်ဥက္ကဌကလည်း ခွင့်ပြုလိုက်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ က အခုလိုပြောပါတယ်။

"ဒီ PR စနစ်နဲ့ ပတ်သက်ြင်္ပီး ကျနော်တို့က ကန့်ကွက်တယ်၊ ကျနော်တို့က ကန့်ကွက်ထားတဲ့ ဥစ္စာတစ်ခုကို ဒီလုပ်ငန်းစဉ်ကြီး အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော်တို့ ဒီအထဲထဲမှာ ထည့်ထားတဲ့အခါ ကျတော့ ကျနော်တို့အနေနဲ့က သဘာဝမကျဘူးလို့ထင်တယ်လေ၊ ဒါကြောင့်မို့ ကျနော်တို့ နှှုတ်ထွက် ခဲ့တာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၅ ဦးကနေပြီးတော့ ဒီအချိုးကျ ကိုယ်စားပြု ၅ ဦးနဲ့ ပတ်သက်ပြီးတော့ ထည့်ထားတဲ့ ကော်မတီပေါ့နော် ကော်မတီမှာ ပါဝင်ခြင်းမရှိတော့ဘူးပေါ့နော် ဒီဟာကို ဦးအောင်ကြည်ညွန့်ကတဆင့် ၅ ဦးစလုံးဥစ္စာကို တစ်ခါတည်း လက်မှတ်ထိုးပြီး ကျနော် တို့ နှှုတ်ထွက်ခဲ့တာပါ၊ လွှတ်တော်ဥက္ကဌလည်း ဒါနဲ့ပတ်သက်လို့ နှှုတ်ထွက်ခွင့်ပြုတယ်"

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရွေး ချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ ကြပေမယ့် အမျိုးသားလွှတ်တော်က ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က မဲခွဲပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

အဲ့ဒီအဆိုအတည်ဖြစ်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါတဲ့ အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကိုလည်း အပြည့်အစုံနားဆင်နိုင်ပါတယ်။