ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် လှည်းတန်းမှာ ဆန္ဒပြ


2014.11.12

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို လက်မခံကြောင်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုင်ငံတကာကခေါင်းဆောင်တွေ ရောက်ရှိနေချိန်မှာ ပြည်သူလူထု တောင်းဆိုချက်တွေကိုသိဖို့ အခုလိုဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အတွင်းရေးမှူး ကိုမြတ်ကျော်က ပြောပါတယ်။

"ပုဒ်မ ၄၃၆ ချက်ချင်းပြင်၊ ၅၉ (စ) ကိုလည်းချက်ချင်းပြင်၊ ပုဒ်မ ၆ (စ) ချက်ချင်းပြင် ပြည်သူ့လက်မှတ် ၅ သန်း ၄ လဆောင်ရွက်ပေး၊ လွှတ်တော်မှာတင်သွင်းတဲ့ PR စနစ်ချက်ချင်းရပ်၊ ကျနော်တို့နိုင်ငံမှာ နိုင်ငံတကာက အမေရိကန် သမ္မတတောင်ရောက်နေတယ်၊ အဲ့ဒီတော့ ကျနော်တို့နိုင်ငံမှာ လက်ရှိဒါတွေ အကြပ်အတည်းဖြစ်နေတယ်၊ ဒါတွေဟာတိုင်းပြည် ပြည်သူလူထုတောင်းဆိုနေတာကို နိုင်ငံတကာကို သိရှိလာပြီးတော့ ပိုမိုပူးပေါင်းဆောင်ရွက်လာအောင်လို့ ဒီပွဲကိုလုပ်ရတာပါ"

ဆန္ဒပြသူတွေဟာ ကမာရွတ်မြို့နယ် လှည်းတန်းကနေ ကျွန်းတောလမ်းအတိုင်း ကမာရွတ်မြို့နယ်ကို တစ်ပတ်ပတ်ပြီး လမ်းလျှောက်ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကွန်ရက်နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR စနစ်ကို လက်မခံကြောင်း ဆန္ဒပြပွဲတွေကို ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။