ခေါင်းဆောင်များ လွတ်မြောက်ရေး အလုပ်သမားများ ဆုတောင်းပွဲလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၃ မှာရှိတဲ့ စက်ရုံသုံးရုံက အလုပ်သမားတွေစုပေါင်းပြီး အခြေခံ လစာ သုံးသောင်းတိုးပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ခေါင်းဆောင် နှစ်ဦးနဲ့ ကူညီသူ သုံးဦး စုစုပေါင်း ငါးဦး အမြန်ဆုံးလွတ်မြောက် ဖို့အတွက် ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

အလုပ်သမားသပိတ်ဖြိုခွဲခံရပြီး ခေါင်းဆောင်တချို့ ဖမ်းဆီးခံရတဲ့ နှစ်လပြည့်အထိမ်းအမှတ်နဲ့ ဆူးလေ ဘုရားမှာ ဒီဆုတောင်းပွဲကို ကျင်းပတာဖြစ်တယ်လို့ Costec အထည်ချုပ်စက်ရုံက မကြယ်စင်က ပြော ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရွှေပြည်သာစက်မှုဇုန် ၃ မှာရှိတဲ့ Costec ၊ Ford Glory နဲ့ အီလန်မြန်မာ စတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေဟာ သပိတ်စခန်းဖွင့်ပြီး အခြေခံလစာ တိုးမြှင့်ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအလုပ်သမားသပိတ်စခန်းကို ရဲတပ်ဖွဲ့အင်အား ၅ဝဝ လောက်က အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

သပိတ်စခန်းဖြိုခွဲခံရပြီးနောက် အလုပ်သမားခေါင်းဆောင် ၂ ယောက်နဲ့ အကူအညီပေးသူ ၃ ဦး စုစုပေါင်း ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခဲ့ပါတယ်။

ဒါ့အပြင် တရားမဝင်စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇ တို့နဲ့ တရားရင်ဆိုင်နေရတဲ့ အလုပ်သမား ၁၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။