မိတ္ထီလာအဓိကရုဏ်းက စတင်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲတစ်ခုကို ဒီနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာရှိတဲ့ Crystal Jade စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
ဘာသာမတူတဲ့ လူ့အဖွဲ့အစည်းတွေအကြား အပြန်အလှန်နားလည်မှုတွေယူနိုင်ကြပြီး အချင်းချင်းယုံကြည်မှုတွေ ပြန်လည်တည်ဆောက်သင့်တယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုသန့်စင်ထွေးက RFA ကို အခုလို ပြောပါတယ်။
"ပဋိပက္ခတွေဆက်မဖြစ်ဖို့ ဆိုတာကတော့ ဘာသာအသီးသီးက ကိုယ့်ဘာသာရဲ့ ညွှန်ကြားချက်တွေ၊ သွန်သင်မှုတွေကို အပြည့်အဝ လိုက်နာဖို့လည်းလိုပါတယ်၊ အထူးသဖြင့် မူဆလင်နဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝန်းကြားထဲမှာ အပြည်အလှန် နားလည်မှုတွေ တည်ဆောက်မယ်၊ စီးပွားရေးတစ်ခုတစ်ခုတည်းကိုပဲ ရင်းနှီးပတ်သက်နေတာမဟုတ်ပဲ တခြားလူမှုရေးကဏ္ဍတွေ၊ တခြားတခြားသောကဏ္ဍတွေမှာ ရောယှက်ပြီးတော့ ပွင့်ပွင့်လင်းလင်း တိုင်ပင်မယ်၊ လူတွေအမြဲတမ်း ထိတွေ့နေမယ်၊ ရင်းရင်းနှီးနှီး ကျနော်တို့ နေနေမယ်ဆိုလို့ရှိရင် ပြဿနာတွေ ရှေ့ဆက်ဖြစ်လာဖို့မရှိဘူး"
ဒီကနေ့အခမ်းအနားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားစေဖို့ အတွက် လူမျိုးပေါင်းစုံ ပါဝင်တဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်စတဲ့ ဘာသာဝင်များက ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ကဗျာ၊ သီချင်း၊ ပါဖော့မင့်စတဲ့ အစီအစဉ်တွေကိုလည်း တင်ပြခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။