HIV/AIDS ဟောပြောပွဲကျင်းပ


2016.05.29

HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားမဆက်ဆံကြဖို့ လူထုဟောပြောပွဲနဲ့ ဝေဒနာကြောင့် သေဆုံးသွားသူတွေ အတွက် ဆုတောင်းပွဲကို ကချင်ပြည်နယ် မိုးကောင်းမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ကာကွယ်တားဆီးရေးမှာ လူထုက ပူးပေါင်းပါဝင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ ဖီးနစ်(စ်) လူမှုကူညီရေးအဖွဲ့ရဲ့ခေါင်းဆောင် ဦးညွန့်ဦးက ပြောပါတယ်။

"HIV နဲ့ သေဆုံးသွားတဲ့လူများအတွက် မီးထွန်းဆုတောင်းပွဲဆိုမှ အမှတ်တရနှေ့ဆိုတဲ့ အဓိပ္ပါယ်က အဲ့လိုရှိပါတယ်ဗျ၊ ဒီ HIV ကာကွယ်တားဆီးရေးမှာ လူထုတွေအားလုံးပါဝင်ပြီးမှ လုပ်ရင်ကတော့ ဒီရောဂါကြီးက လျော့ကျနိုင်မယ်လို့ထင်ပါတယ်၊ အဲ့ဒါလေးကို လူထုတွေပါဝင်ပေးဖို့၊ ခွဲခြားမဆက်ဆံဖို့နဲ့ ဒီ HIV ဝေဒနာသည်တွေကို နွေးထွေးစွာပြုစုစောင့်ရှောက်ပေးဖို့ ဆိုတဲ့ဟာလေးကို ကိုယ့်အားကိုယ်ကိုးအဖွဲ့တွေရယ်၊ NGO တွေရယ်၊ မိုးကောင်းနယ်သူနယ်သားတွေရယ် ပေါင်းပြီးမှ လုပ်တဲ့ပွဲလေးပါ"

ဒီကနေ့အခမ်းအနားကို HIV/AIDS ကူးစက်ခံထားရသူတွေအပါအဝင် အစိုးရဋ္ဌာနဆိုင်ရာတွေနဲ့ နယ် စည်းမခြားဆရာဝန်များအဖွဲ့ (MSF)၊ အားမာန်သစ်ကွန်ရက်၊ ဖီးနစ်(စ်)လူမူကူညီရေးအဖွဲ့စတဲ့ အဖွဲ့ အစည်းတွေနဲ့အတူ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

HIV/AIDS အသိပညာပေးပွဲကို ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ငါးကြိမ်မြောက်  ကျင်းပတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီ အက်စ် ကာကွယ်မှုအစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံနေရသူ ၂ သိန်းခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။