နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နှစ်သစ်ကူး ဆုတောင်းပွဲ

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆုတောင်းပွဲ အခမ်းအနား တခုကို ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း အသီးသီး စုပေါင်းပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

2011.01.01
phyo-min-thein-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်
Photo: RFA

အဲဒီ အခမ်းအနားမှာ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ဖေသန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟတ္တမဂန္ဒီကြီး တို့ နှစ်ဦးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ယှဉ်ပြီး ဟောပြောသွားတယ်လို့ အခမ်းအနား တက်ရောက်ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“နှစ်သစ်ကူး မင်္ဂလာအခါမှာ ဆုတောင်းပွဲလေး လုပ်တာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ ထွန်းကားနိုင်ဖို့ ဆုတောင်းကြတာပါ။ အကျဉ်းကျခံနေဆဲ လူတွေ ပြန်လည် လွတ်မြောက်ဖို့အတွက် အဓိက ဆုတောင်းကြပါတယ်။ ပြီးတော့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ဖေသန်း စကားပြောတယ်။ အဓိကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကူးပြောင်းနိုင်ဖို့ပေါ့။ ဂန္ဒီကြီးရဲ့ မူနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအေနေတွေကို ယှဉ်ထိုးပြီး ပြောပြသွားတာပါ”

မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါ်သိန်းတင်လမ်း မှာရှိတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ရဲ့ နာယက အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်စမ်းစမ်းမြင့်ရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ ဒီကနေ့ ဆုတောင်းပွဲ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒီ-ငြိမ်း ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေ စုစုပေါင်း ၇ဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။