ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က နီပေါနိုင်ငံ ကတ်မန်ဒူ Katmandu မြို့တော်အနီးမှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သူတွေနဲ့ အိုးမဲ့အိမ် မဲ့ဖြစ်ရသူတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ချုပ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဒီနေ့ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူတွေကို ဆုတောင်းပေးတဲ့အပြင် ကျန်ရစ်ခဲ့သူတွေအတွက် ခွန်အားပေးတဲ့အနေနဲ့ အခုလိုဆုတောင်းပွဲကျင်းပ တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ချုပ်ရဲ့ ရန်ကုန်အဖွဲ့ခွဲက ဒုတိယဥက္ကဌ ကိုဗစ်တာက ပြောပါတယ်။
"ငလျင်နဲ့ပတ်သက်ပြီးတော့ ကွယ်လွန်သွားသူတွေ အတွက် ဆုတောင်းပေးတာပေါ့နော်၊ နောက်တစ်ခုက ဒုက္ခရောက်နေတဲ့လူတွေကိုလည်း ခွန်အားပေးသနား တဲ့အနေနဲ့ သဘာဝဘေးအန္တရာယ်ကျတဲ့ လူတွေ အားလုံးအတွက်ပေါ့နော် ကျနော်တို့ မြန်မာနိုင်ငံက ဂေါ်ရခါးလူမျိုးတွေတင်မကဘဲနဲ့ တစ်ကမ္ဘာလုံးကနေ သူတို့နဲ့အတူရှိနေတယ် ဆိုတဲ့အကြောင်းပေါ့နော်၊ သူတို့စိတ်အားမငယ်ပါနဲ့ အမြန်ဆုံးနည်းနဲ့ သူတို့ ဒုက္ခတွေ ပျောက်သွားမယ်ဆိုတာ ပြောချင်ပါတယ်"
ဒါ့အပြင် အသက်ရှင်ကျန်ခဲ့သူတွေကို ထောက်ပံ့ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မ အဖွဲ့ချုပ်၊ ဂေါ်ရခါးလူမှုရေးအသင်း၊ ပြည်ပရောက် နီပေါနိုင်ငံသားများအဖွဲ့အစည်းတို့က အလှူငွေတွေ ကောက် ခံနေပြီး ရရှိလာတဲ့ အလှူငွေတွေကို နီပေါသံရုံးကတဆင့် ပေးအပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အင်အား ၇ ဒသမ ၉ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ တာကြောင့် သေဆုံးသူ လေးထောင်နီးပါးရှိပြီး ဒဏ်ရာရရှိသူ ၇ထောင်နီးပါး ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်ရဲ့ ရန်ကုန်အဖွဲ့ခွဲ ဒုတိယဥက္ကဌ ကိုဗစ်တာကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
