ကျန်နေသေးတဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ အတွက် အကန့် အသတ်တွေ ဖြစ်နေသလို၊ နိုင်ငံခြားကုမ္ပဏီတွေဟာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စောင့်ကြည့်ဖို့ လိုသေးတယ်ဆိုတဲ့ သဘောထား ရှိနေကြတယ်။
ဒါကြောင့် ပိတ်ဆို့ အရေးယူမှုတွေကို ဆိုင်းငံ့ထားရုံနဲ့ မလုံလောက်ဘဲ လုံးဝရုပ်သိမ်းလိုက်မှသာ နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရေရှည် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဆွဲဆောင်နိုင်မှာ ဖြစ်တယ်လို့ ဦးကိုကိုလှိုင်က ပြောသွားကြောင်း သိရှိရပါတယ်။
မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ခရီးသွားလာခွင့်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းသွားမှာဖြစ်ကြောင်း သြစတြေလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr က ကြေညာလိုက်ပြီး နောက်ပိုင်းမှာ ခုလို ပြောသွားတာပါ။
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အားပေးတဲ့အနေနဲ့ သြစတြေလျ အစိုးရရဲ့ မြန်မာနိုင်ငံအတွက် အကူအညီကို ၂ ဆ တိုးမြှင့်သွားမယ်လို့ သြစတြေလျ ဝန်ကြီးက နေပြည်တော် ခရီးစဉ်အပြီး ကြေညာခဲ့ပါတယ်။