သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်ဖ်အေကို ပြောဆိုပါတယ်။

အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊ တွဲဘက် အတွင်းရေးမှူး အဖြစ် ပောာင်ကောင် စီးတီး ယူနီဗာစတီမှ ဒေါက်တာ ကျော်ရင်လှိုင်တို့ အားလည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် Myanmar Egress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ကုန်သည်/စက်မှု အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကုန်သည်/စက်မှု အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ ဥပဒေပညာရှင် ဦးသီဟန်မျိုးဉာဏ်၊ ဒိုင်းမွန်းစတား ကုမ္မဏီ ပိုင်ရှင် ဦးကိုကိုကြီး၊ KMD ဦးသောင်းတင်၊ဦးမိုးကျော် (MMRD)၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးသန်းလွင်(ကမ္ဘောဇဘဏ် - ဒုတိယဥက္ကဋ္ဌ)၊ ဦးခင်မောင်အေး (CB Bank) နဲ့ ပါမောက္ခ ဦးအောင်ထွန်းသက်တို့ ပါဝင်ကြောင်း သိရပါတယ်။

အကြံပေးကောင်စီ ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုရသေးပေမယ့် နိုင်ငံတော် သမ္မတနဲ့ အကြံပေး အဖွဲ့ဝင်တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသည့် အပြင်၊ အကြံပေး အဖွဲ့ဝင် တစ်ချို့ဟာလည်း အကြံပေးကောင်စီနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အကြံပေးကောင်စီကို တရားဝင် ဖွဲ့စည်းကြောင်း အမိန့်စာ ထုတ်ပြန်တဲ့ အခါမှာတော့ လက်ရှိ လျာထား စာရင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်ဦးရေဟာ လျော့သွားနိုင်တာ ရှိသလို၊ တိုးလာနိုင်တာလည်း ရှိကြောင်း ယင်းအကြံပေး အဖွဲ့လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။