လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၉ ယောက် ပါဝင်

သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်နဲ့ မနေ့ကလွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၉၃ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပါဝင်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

အင်းစိန်၊ သာယာဝတီ၊ မန္တလေးနဲ့ မြစ်ကြီးနားထောင်တို့ကနေ လွှတ်ပေးလိုက်တာပါ။ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့ဘွတ် လူမှုရေးစာမျက်နှာမှာ၊ နိုင်ငံတော်သမ္မတက ဧပြီလ ၂၃ ရက်နေ့မှာ ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့ အကျဉ်းသားအရေအတွက်က နိုင်ငံသားအယောက် ၉၀ နဲ့၊ နိုင်ငံခြားသား ၃ ယောက် ဖြစ်တယ်လို့ ရေးသားထားပါတယ်။

လွတ်လာသူ ၅၉ ယောက်က နိုင်ငံရေးပုဒ်မနဲ့ ထောင်ချခံထားရသူ ၁၉ ယောက်၊ မူးယစ်ဆေးဝါး ပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့ SSA ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းအဖွဲ့က အယောက် ၄၀ ဖြစ်ပြီး၊ လက်ရှိစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၃ ရာကျော် ကျန်သေးတယ်လို့ AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှှုး ကိုတိတ်နိုင် က RFA ကိုပြောပါတယ်။

မနေ့ကပြန်လွတ်လာတဲ့သူတွေထဲမှာ ၂၀၀၃ ခုနှစ်က မန္တလေးတိုင်း ကျောက်ဆည်မြို့မှာဖြစ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းကြောင့် ဖမ်းဆီးထောင်ချထားသူ ၁၇ ယောက် လွတ်မြောက်လာတယ်လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဉာဏ်လင်းရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ရခိုင်တိုင်းရင်းသားလူငယ်အဖွဲ့ဖြစ်တဲ့ AASYC ကလူငယ်တချို့နဲ့ ABSDF- KNU တို့နဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူတချို့လဲ ပါဝင်တယ်လို့ သိရပါတယ်။

အစိုးရဝန်ကြီးတချို့အပါအဝင် အဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်နဲ့ ထောင်အသီးသီးမှာ ကျန်နေသူဦးရေ စိစစ်နေပြီး၊ ကော်မတီကပြုစုထားတဲ့ စာရင်းအရ လွှတ်ပေးဖို့သက်ဆိုင်ရာကို တင်ပြထားပေမယ့် အခုလွှတ်ပေးတဲ့အခါ နိုင်ငံရေးအကျဉ်းသားလို့ မသုံးနှုန်းသလို၊ လွှတ်ပေးမယ်လို့ ကြိုတင်သိရှိထားတဲ့စာရင်းအရ ဆောင်ရွက်တာလဲမတွေ့ရဘူးလို့ ကိုတိတ်နိုင်က ပြောပါတယ်။