လိုင်ဇာညီလာခံ မှ နိုင်ငံရေး ဆွေးနွေးပွဲသို့ လှမ်းနိုင်မည်ဟု သမ္မတယုံကြည်

ကေအိုင်အိုဌာနချုပ် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုက ထုတ်လွှင့်တဲ့ လစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအနေနဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

"တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ လက်မှတ်ရေးထိုးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များစွာထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးလိုခြင်း၊ ရေးထိုးပြီးဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် အဆင့်ဆင့်ကို ထပ်လောင်းအတည်ပြုလိုခြင်းနဲ့ လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို စတင်လိုခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကမ်းလှမ်းခဲ့ခြင်းဟာ အပစ်အခတ်ရပ်စဲရေးအဆင့်မှာတင် ရပ်တန့်ထားရန်မဟုတ်ဘဲ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးများကိုအခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲများကို တက်လှမ်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျှက်ရှိကြောင်းပင် ဖြစ်ပါသည်"

အစိုးရကကျင်းပဖို့ ပြင်ဆင်နေတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးတက်ရောက်ဖို့ ဖိတ်ခေါ်ကြိုဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စရပ်နဲ့ ပတ်သက်ပြီးလည်း မိမိဖြစ်ချင်တဲ့ဆန္ဒထက် တိုင်းပြည်အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့ အနာဂတ်ရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကိုစဉ်းစားပြီး လက်တွေ့ကျကျဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်ကို သမ္မတဦးသိန်းစိန် ရောက်ရှိနေတဲ့အချိန် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးရှိအောင်နဲ့ ဒေသတည်ငြိမ်ရေးကို ပိုမိုဆောင်ရွက်ဖို့ သက်ဆိုင်ရာအစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်းလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။