သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်မည်

တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတရဲ့ တရုတ်ခရီးစဉ်ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း ချစ်ခင်ရင်းနှီးမှု ခိုင်ခိုင်မြဲမြဲ ရှိသေးတယ်ဆိုတာ ဖော်ပြလိုတဲ့သဘောမျိုး တွေ့ရတယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။

"အခုလာတဲ့ ကိစ္စဟာ အမေရိကန်ကို မသွားခင် နှစ်နိုင်ငံဆက်ဆံရေးကို Balance လုပ်တဲ့သဘောမျိုး ရှိတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုခါက ဦးသိန်းစိန်တို့ အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ အကြီးအကျယ် စပြီးတော့ တွဲနေတဲ့အခါ ဆိုတော့ ဒီဘက်က အထင်မမှားအောင် သူလုပ်ဖို့ အများကြီးလိုပါတယ်။ တကယ်ဆိုတော့ တရုတ်ပြည်ဘက်က ကြည့်လိုက်လို့ရှိရင် ဒီအချိန် တရုတ်ပြည်မှာလည်း ၁၈ ကြိမ်မြောက် ပါတီညီလာခံ လုပ်တော့မှာ။ အဲဒီအတွက် အကြီးအကျယ် စိုင်းပြင်းနေတဲ့ အချိန်မျိုး၊ သူတို့ သိပ်အလုပ်ရှုပ်နေတဲ့အချိန်၊ နောက်ပြီးကျတော့လည်း အားလုံးသိကြတဲ့အတိုင်း ဂျပန်နဲ့လည်း အင်မတန် တင်းတင်းမာမာ ဖြစ်နေတဲ့အချိန် အဲလို အခြေအနေထဲမှာပဲ လုပြီးသွားတွေ့ရတယ်ဆိုတော့ ကျွန်တော်ထင်တယ်။ စောစော ကတည်းက ပြောထားလို့လည်း ဖြစ်မယ်"

နှစ်စဉ်ကျင်းပနေတဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ဒီနှစ် ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံကို အထူးဧည့်သည် နိုင်ငံအဖြစ် တရုတ်အစိုးရက ဖိတ်ကြားခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံခရီးစဉ်ပြီးပြီချင်း အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။