သမ္မတနဲ့ ကေအင်ယူတွေ့ဆုံ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိလာခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို အထူးလေယာဉ်ဖြင့် သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ပါတယ်။

ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းရဲ့ စီစဉ်မှုနဲ့ နေပြည်တော်ကို သွားရောက်ခဲ့တာဖြစ်ပြီး မြန်မာအစိုးရဘက်က စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ကလည်း လက်ခံတွေ့ဆုံတယ်လို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ဖဒို စောအားတိုးက RFA ကို ပြောပါတယ်။

"ဆွေးနွေးပွဲရယ်လို့ မဟုတ်ပါဘူး။ သမ္မတကြီးကို သွားရောက်တွေ့ဆုံ ဂါရဝပြုတာ ဖြစ်ပါတယ်။ သမ္မတကလည်း သူ့ရဲ့ဘဝဖြစ်စဉ် တစ်ပိုင်းတစ်စ သူပြောပြပြီးတော့ တကယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ တိုင်းပြည်အတွက် တကယ်တန်း လိုအပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန် ပေါ်ထွန်းရေးနဲ့ ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးဆိုတဲ့ အခြေခံ ၂ ခုအပေါ်မှာ မူတည်ပြီးတော့ သူလုပ်ခဲ့တဲ့ အရာတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားလို့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်အတွေ့အကြုံအရ ဆိုရင်တော့ တကယ့်ကို တန်းတူပုဂ္ဂိုလ် အခြေခံနဲ့ ခံစားမှုကို မနက်ကဆွေးနွေးပွဲမှာ ကျွန်တော် ခံစားလိုက်ရပါတယ်"

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ အဖွဲ့ဝင် ခုနှစ်ဦးပါအဖွဲ့ကို ကေအင်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဦးဆောင်ခဲ့ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမူတူးစေးဖိုး၊ စစ်ဘက်ရေးရာ ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောထူးထူးလေးတို့ ပါဝင်ကြောင်း သိရပါတယ်။

မနက်ဖြန် မနက်မှာတော့ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။