ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှုလျော့ချရေး အတွက် ငွေကြေးအရင်းအနှီးနဲ့ ပစ္စည်းအရင်းအနှီးတွေ ကို အခြေခံလူတန်းစားတွေဆီ သမဝါယမအသင်း အဖဲွဲ့တွေကနေတဆင့် ချေးငှားပေးသွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ ပါတယ်။
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ သမဝါယမဝန်ကြီးဌာနက ဒီကနေ့ဦးစီးကျင်းပ တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘဝမြှင့် တင်ရေး အခမ်းအနားမှာ နိုင်ငံတော်သမ္မတ က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သမ္မတဦးသိန်းစိန်က လယ်ယာလုပ်ငန်း အပေါ်မှာ မှီခိုလုပ်ကိုင်နေရသူတွေနဲ့ လက်လုပ်လက်စားလူတန်းစားတွေဟာ အတိုးနှုန်းများများနဲ့ ငွေကြေးချေးငှား လုပ်ကိုင်နေရတဲ့အတွက် ပြည်တွင်း ပြည်ပထောက်ပံ့ငွေ၊ ချေးငွေတွေ ထဲကနေ ချေးပေးသွားမယ်လို့ ပြောသွားပါတယ်။
သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကလည်း အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးနိုင်ဖို့အတွက် အခုလက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁ဝဝ လက်ခံရရှိထားပြီးဖြစ်တယ် လို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ သမဝါယမဝန်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်းအတွင်းက သမဝါယမအသင်းဝင်တွေ အတွက် ငွေကျပ်သိန်းပေါင်း ၂ သောင်းကျော်ကို အတိုးနှုန်း ၂ ကျပ်ခွဲနဲ့ ထုတ်ချေးခဲ့ပြီး မော်တော်ယာဉ်၊ အနှေးယာဉ်၊ အပ်ချုပ်စက်နဲ့ လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေကိုလည်း အရစ်ကျငွေချေစနစ် နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်ရမှာပါ။