ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကို ဒေသခံတွေက တရားစွဲဆိုဖို့ ဒီကနေ့ မုံရွာခရိုင် တရားရုံးမှာ သွားရောက်လျှောက်ထားရာမှာ တရားရုံးက ချက်ခြင်းပလပ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီအမှုကို တရားရုံးဖက်က ပလပ်လိုက်တာနဲ့ ပတ်သက်ပြီး တရားရုံးကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာက ကိုဇော်နိုင်က RFA ကို အခုလို ပြောပါတယ်။
"မုံရွာခရိုင်တရားသူကြီးက အမှုဖွင့်ရန် ဘယ်လိုတွေအကြောင်းနဲ့တော့မသိဘူး၊ ဆားလင်းကြီးတရားရုံးက ပယ်ချလိုက်တဲ့ အတိုင်းပါပဲလို့ ကျွန်တော်တို့ကို ဒီအတိုင်းပဲပြောလိုက်ပါတယ်၊ သမ္မတကို တရားစွဲဆိုရခြင်းဟာ ၂၉ ရက် ၁၁ လပိုင်းက မီးလောင်ဗုံးနဲ့ သံဃာနဲ့ ပြည်သူလူထုကို မီးလောင်ဗုံးတွေနဲ့ ဖြိုခွင်းခဲ့တဲ့ကိစ္စတွေကို တရားစွဲဆိုရခြင်းပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ကတော့ မုံရွာခရိုင်တရားရုံးကမရရင် နေပြည်တော်ထိတက်ပြီး တရားစွဲမှာပါ"
အဲဒီလို သမ္မတကို တရားစွဲဖို့ ပြုလုပ်တာဟာ အခုအကြိမ်နဲ့ပါဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ပထမအကြိမ်အဖြစ် ဆားလင်းကြီး မြို့နယ်တရားရုံးမှာ တရားစွဲဆိုဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
အခုလို သမ္မတကို တရားစွဲဆိုရတာဟာ မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တဲ့တရားခံကို ဖော်ထုတ်ပေးနိုင်ခြင်းမရှိတာ၊ အခုချိန်ထိ အဲဒီပဋိပက္ခဖြစ်ပွားမှုကို ဖြေရှင်းပေးနိုင်မှု မရှိတာတွေအတွက်ကြောင့်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။