သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအမှတ် ၄၀၁ အရ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၉၀ ကျော်ကို ဒီကနေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၈ ဦး လွှတ်မြောက်လာတယ်လို့ သိရပါတယ်။
အဲဒီအကျဉ်းသားတွေထဲမှာ လက်နက်သယ်ဆောင်မှုနဲ့ အဖမ်းခံထားရတဲ့ ဝလူမျိုး ၂ ဦး၊ ABSDF အဖွဲ့နဲ့ KNU ကို ဆက်သွယ်မှု ဗုံးဖောက်ခွဲရန် ကြံစည်မှုနဲ့ အဖမ်းခံထားရတဲ့ ကိုရဲထက်စိုး၊ ဗုံးဖောက်ခွဲရန် ကြံစည်မှုနဲ့ အဖမ်းခံထားရတဲ့ စွမ်းအားမြှင့် ကျောင်းသားများတပ်ဖွဲ့မှ ကိုနေမျိုးသူရအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။
အလားတူ သာယာဝတီ အကျဉ်းထောင်ကနေလည်း လက်ရှိအချိန်ထိ အကျဉ်းသား ၄၀ ကျော် လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဉ်းသား ၂ ဦးပဲ ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကိုထွန်းကြည်က အခုလို ပြောပါတယ်။
"သာယာဝတီထောင်က အခုချိန်ထိ သိရသလောက်ကတော့ ၄၃ ယောက်မှာ နိုင်ငံရေးအကျဉ်းသား ၂ ယောက်ပဲ လောလောဆယ်ပါသေးတယ်"
ဆက်လက်ပြီး မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကနေ ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၁၃ နှစ် ကျခံထားရတဲ့ မိုင်းရယ်မြို့နေ စိုင်းလဟန်၊ ပုဒ်မ လန ၁၂၅ နဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ တမူးမြို့နေ မပါးလ်ထွေး (ခ) မအေးထွေးတို့ ၂ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရှိရပါတယ်။
မြစ်ကြီးနား အကျဉ်းထောင်ကနေလည်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ အကျဉ်းကျခံနေရတဲ့ ကိုဆင်ရောင်၊ ကိုဘောက်လွန်၊ ကိုရွှေဝင်း၊ ကိုနော်ဒွဲ၊ ကိုရဲမင်းတို့လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
လက်ရှိသတင်းထုတ်လွင့်နေဆဲအချိန်ထိ အကျဉ်းသားများ လွတ်မြောက်မှု ရှိနေဆဲ ဖြစ်တဲ့အတွက် စာရင်းအတိအကျ မသိရှိရသေးကြောင်း၊ RFA သတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။