နည်းလမ်းရှာဖို့ ခေါင်းဆောင် ၁၄ ဦး တွေ့ခဲ့တာလို့ သမ္မတ ဦးသိန်းစိန် ပြောကြား

0:00 / 0:00

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကကျင်းပခဲ့ တဲ့ နိုင်ငံရေးထိပ်သီးခေါင်းဆောင် ၁၄ ဦး တွေ့ဆုံ ပွဲဟာ နိုင်ငံရေးစိန်ခေါ်မှုတွေကို အမျိုးသားအင်အားစု အားလုံး လက်တွဲဖြေရှင်းဖို့နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ရည်ရွယ်ကျင်းပခဲ့ တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလအတွက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို ဒီကနေ့ ပြောကြားတဲ့မိန့်ခွန်းမှာ အဲဒီလို ထည့်သွင်းပြော ဆိုလိုက်တာပါ။

"ဒီဆွေးနွေးပွဲ ကျင်းပရတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားအင်အားစုများအားလုံး ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်မှုတွေကို လက်တွဲဖြေရှင်းဖို့နဲ့ စုပေါင်းပြီး နည်းလမ်းများရှာဖွေဖို့ အဓိကရည်မှန်းချက် ထားပြီး ဖိတ်ခေါ်ကျင်းပခဲ့ရခြင်းဖြစ်ပါတယ်၊ နည်းလမ်းများရှာဖွေတဲ့အခါမှာလည်း နိုင်ငံရေးအင်အားစုအချင်းချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်း နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြုကြိုးပမ်းအကောင်အထည်ဖော်ခြင်းပဲဖြစ်ပါတယ်"

ဒါ့အပြင် နိုင်ငံတော်သမ္မတက တိုင်ရင်းသား လက်နက်ကိုင်အင်အားစုအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေကြောင်းနဲ့ အဲ့ဒီလိုစာချုပ်ချုပ်နိုင် မှသာ နှစ်ဘက်တပ်တွေအကြား တိုက်ခိုက်မှုတွေ လျှော့ချနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ထားပြီး ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို လူသားတစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကိုရရှိဖို့ အရေးကြီးတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မီဒီယာတွေအနေနဲ့ မိမိတို့ဖော်ပြတဲ့ သတင်းတွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ မျှတတဲ့ဖော်ပြမှုတွေဖြစ်ဖို့ လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ဝေဖန်သူတွေရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိတင်ပြထားတာ နားဆင်နိုင်ပါတယ်။