ဘက်နှစ်ဘက်ချဉ်းကပ်မှုမျိုး ကို ကျော်လွှားဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း

နိုင်ငံရေးပဋိပက္ခတွေကို မိမိဘက်၊ တခြားဘက်ဆိုတဲ့ ဘက်နှစ်ဘက်ချဉ်းကပ်မှုမျိုးထက်ကျော်လွန်ပြီး အမျိုးသားအင်အားစုအချင်းချင်း လက်တွဲဖြေရှင်းစေ လိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လစဉ် တိုင်းပြည်ကိုပြောကြားတဲ့ ရေဒီယိုမိန့်ခွန်း မှာ နိုင်ငံတော်သမ္မတက အခုလို တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

"နိုင်ငံရေးပဋိပက္ခတွေကို မိမိဘက်၊ တခြားဘက်ဆိုတဲ့ ဘက်နှစ်ဘက်ချဉ်းကပ်မှုမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှု မျိုးထက်ကျော်လွန်ပြီး အမျိုးသားအင်အားစုအချင်းချင်း နားလည်မှုရှိရှိနဲ့ လက်တွဲဖြေရှင်းဖို့ ကြိုးပမ်းစေလိုခြင်း ပဲဖြစ်ပါတယ်၊ နိုင်ငံရေးအင်အားစုများအနေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ မှာလည်း ဒီရှုမြင်မှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်၊ လက်ရှိကျနော် တို့ ကြိုပမ်းအကောင်အထည်ဖော်လျှက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်များ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အသက်ဝင် ရှင်သန်ရေးအတွက် လိုအပ်တဲ့ဖြေလျော့ပေးမှုတွေ၊ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေနဲ့ ဒီမိုကရေစီကျင့်စဉ်များ အမြစ်တွယ်ရှင်သန်လာရေးတို့ကို တစ်ပြိုင်နက်အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်တဲ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေရတာဖြစ်ပါတယ်"

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးပြောရာမှာ လက်ရှိတိုက်ပွဲတွေဖြစ်နေပေမဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးက သဘောတူထား ကြပြီဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေအတွက် ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ စီမံခန့်ခွဲရေးအဖွဲ့တွေပါဝင်တဲ့ အစုအဖွဲ့မျိုးစုံတို့က လက်တွေ့ကျကျ ရေးဆွဲနိုင်ကြဖို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တက္ကသိုလ်တွေကို ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။