အကြမ်းဖက်မှုတွေကို နှိမ်နင်းရာ မှာ ရဲရဲဝံ့ဝံ့ကိုင်တွယ်ဖို့ ဦးသိန်းစိန် ညွှန်ကြား

မိတ္ထီလာအရေး အခင်းအပါအဝင် လတ်တလော ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က အမိန့်ပေးညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ညနေ အစိုးရသတင်းမီဒီယာတွေက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ လက်ရှိဖြစ်နေတဲ့ ဆူပူမှုတွေကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ရဲဝံ့ပြတ်သားစွာ ဆောက်ရွက်ကြရမယ်လို့ ဦးသိန်းစိန်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တာဟာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရအရ သူတပါးကို ထိခိုက်မှုမရှိပဲ လွတ်လပ်စွာ ခံစားနိုင်ဖို့ဖြစ်ကြောင်းလည်း သမ္မတက မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ နိုင်ငံသားတိုင်း ခံစားခွင့်ရှိတဲ့ နိုင်ငံသား အခွင့်အရေးအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားကြောင်းလည်း ပြောပါတယ်။ တစ်ချိန်တည်းမှာလည်း ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုတွေ ပပျောက်သွားအောင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကို ဖြေရှင်းတာ မနှစ်မြို့ပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးတဲ့လုပ်ရပ်မှန်သမျှကိုတော့ မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်တယ်လို့ သမ္မတက ပြောလိုက်ပါတယ်။