ပညာရေးဥပဒေပြင်ဆင်ရေး ညှိုနှိုင်းဆောင်ရွက်ကြဖို့ လိုအပ်

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းအသီးသီးအနေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ထုတ်လွှင့်တဲ့ လပတ် ရေဒီယိုမိန့်ခွန်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ် ပါတယ်။

"အမျိုးသားပညာရေး ဥပဒေမှာလဲ ပညာရေးဝန်ကြီး ဌာန နဲ့သက်ဆိုင်ရာ ကျောင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက်လူအဖွဲ့အစည်းများနဲ့ ပြည်သူများ ရဲ့လိုအပ်ချက်နဲ့ အညီ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ပေး တဲ့အပြင် အခုဆိုရင် လွှတ်တော်မှာ အသေး စိတ် ဆွေးနွေးလုပ်ဆောင်နေကြပြီဖြစ်ပါတယ်၊ ကျနော့် အနေနဲ့ အထူးပြုပြီးပြောချင်တာကတော့ ဒီလို ပြုပြင်ပြောင်းလဲဖို့ကြိုးပမ်းတဲ့အခါမှာ မြန်မာနိုင်ငံရဲ့လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ခိုင်မာရေးနဲ့ ပွင့်လင်းလွတ်လပ်ပြီး ငြိမ်းချမ်း သာယာတဲ့လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် ပညာရေးစနစ်တစ်ခု အောင်မြင် စွာ ပေါ်ပေါက်လာဖို့အတွက် ရေတို၊ ရေရှည် အစီအမံများ လွှမ်းခြုံ စဉ်းစားမှုများနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြဖို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း အသီးသီးကို တိုက်တွန်းပြောကြားလိုပါတယ်"

ဒါ့အပြင် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် မျှတတဲ့နှုန်းထားရဖို့ အချိန်ယူဖို့ လိုကြောင်းနဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့နည်းလမ်းကို ရှောင်ရှားဖို့လိုတဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပါတယ်။

ယာယီသက်သေခံလက်မှတ်တွေ မတ်လ ၃၁ ရက်နေ့ သက်တမ်းကုန်ဆုံးမယ့်ကိစ္စ နဲ့ပတ်သက်ပြီး နိုင်ငံသားစိစစ် ဆဲကာလတွေမှာ ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေ မဆုံးရှုံးဖို့ တာဝန်ယူမှာ ဖြစ်တယ်လို့လည်း ကတိပေးထားပါတယ်။

ကိုးကန့်ဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား နယ်စပ် တည်ငြိမ်အေးချမ်းဖို့ နှစ်နိုင်ငံကတိကဝတ် ထားရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ် ထိန်းသိမ်း သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားပါတယ်။