သမ္မတ ဦးသိန်းစိန်ဟာ မကြာခင် အမေရိကန် ပြည်ထောင်စုကို ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားက မနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားရဲ့ဖိတ်ကြားချက်အရ အလည်အပတ်သွားရောက်မှာဖြစ်ကြောင်း ကြေညာခဲ့ပေမယ့်၊ သွားရောက်မယ့်နေ့ရက်ကို မကြေညာခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ခဲ့ရာမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တင် အပါအဝင် အမေရိကန်အစိုးရအရာရှိတွေ မြန်မာနိုင်ငံကိုလာရောက်ခဲ့ကြပါတယ်။ သမ္မတ အိုဘားမားလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို ခေတ္တလာရောက်ခဲ့ပါတယ်။
စက်တင်ဘာလကတော့ သမ္မတဦးသိန်းစိန်ဟာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ညီလာခံကို တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အခုသွားရောက်မယ့် အမေရိကန်ခရီးစဉ်ဟာ ပြီးခဲ့တဲ့ နှစ်ငါးဆယ်နီးပါးအတွင်း ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် အလည်အပတ်ခရီးဖြစ်ပါတယ်။
၁၉၆၆ ခုနှစ်တုန်းက အမေရိကန်သမ္မတ Lyandon Johnson ရဲ့ ဖိတ်ကြားချက်အရ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့ပါတယ်။