ဦးသိန်းစိန်နဲ့ သက်ဆင်တို့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သက်ဆင်က ချီးကျူးပြောဆိုခဲ့ပြီး၊ အာဆီယံရဲ့ရှေ့ရေးအပါအဝင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်အတော်များများကို ဆွေးနွေးခဲ့တယ်လို့ သက်ဆင်ရဲ့ ဥပဒေအကြံပေး နော့ပါဒန်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စတွေကိုတော့ ဒါတွေဟာ အစိုးရချင်းသာ ဆွေးနွေးရမယ့် ကိစ္စလို့ သက်ဆင်က ယုံကြည်တဲ့အတွက် မဆွေးနွေးဘဲရှောင်ရှားခဲ့ကြောင်းလည်း ပြောဆိုပါတယ်။
သူက ဆက်လက်ပြောဆိုရာမှာ အဲဒီဆွေးနွေးပွဲမှာ ဦးသိန်းစိန်က သက်ဆင်ကို ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ဟောပြောချက်တစ်ရပ် ပို့ချပေးဖို့အတွက် မြန်မာနိုင်ငံကို နောက်ထပ် တစ်ခေါက်လာရောက်ပါဦးလို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဟောပြောမယ့်နေ့ရက်ကို စီစဉ်ရဦးမှာ ဖြစ်ပါတယ်လို့လည်း သက်ဆင် ရဲ့ ဥပဒေအကြံပေး နော့ပါဒန်က ပြောဆိုကြောင်း The Nation နဲ့ Bangkok Post သတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။
