မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း အရပ်သားသမ္မတတစ်ယောက် တင်မြှောက်လိုက်နိုင်တာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုရှေးရှုပြီး ထူးခြားပြောင်မြောက်တဲ့ ရလာဒ်တစ်ခုအဖြစ် ကြိုဆိုကြောင်း မစ္စတာဘန်ကီမွန်းက သူ့ရဲ့သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို အလျင်မြန်မြန်နဲ့ ဆက်လက်ဖေါ်ဆောင်နိုင်မယ်လို့ မျှော်လင့် သလို၊ သမ္မတဦးထင်ကျော်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးမှာ တည်တည်ငြိမ်ငြိမ် ချောချောမွေ့မွေ့၊ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် ရွေးချယ်တင်မြှောက်ခံရတာကို ထိုင်ဝမ်အစိုးရက နိုင်ငံခြားရေးဌါနကနေတဆင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့မယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုင်ဝမ်အနေနဲ့ မြန်မာ နိုင်ငံမှာ တရားဝင်ကိုယ်စားလှယ်ရုံး မရှိသေးပေမယ့်၊ နိုင်ငံခြားရေး ဌါနလက်အောက်ခံ ထိုင်ဝမ်ပြည်ပ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကို ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်သမ္မတ အက်ဘ်ဒူလ် ဟာမစ်နဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနားတို့ကလည်း မြန်မာသမ္မတသစ် ဦးထင်ကျော်ကို ချီးကျူးဂုဏ်ပြုကြောင်း မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အလားတူ ပြည်တွင်းအဖွဲ့အစည်းတွေထဲက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် အောင်မြင်စွာ ရွေးချယ်တင်မြှောက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သလို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်လိုက်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့၊ နိုင်ငံရေးအကျဉ်းသားရေးရာတွေ အပါအဝင် ပြည်သူလူထု အကျိုးတွေကို သမ္မတကြီးဦးထင်ကျော် ခေါင်းဆောင်မယ့် အစိုးရနဲ့ လက်တွဲ ကူညီဆောင်ရွက်သွားမယ်လို့ မတ်လ ၁၅ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
