ပုံနှိပ်ထုတ်ဝေ မူကြမ်းကို ပြည်သူ့လွှတ်တော် အတည်ပြု

0:00 / 0:00

သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့ ပြဌာန်းချက်တွေ ပါဝင်တယ်ဆိုပြီး စာနယ်ဇင်းသမား အများစုကန့်ကွက်နေကြတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုလိုက်ပါတယ်။

ဒီဥပေဒကြမ်းကို ပြန်လည်ပြင်ဆင်ချက်တွေနဲ့ အတည်ပြုလိုက်တာဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၁ဝ ချက်၊ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော် မတီက ၅ ချက် ၊ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး က ၈ ချက် စုစုပေါင်း ပြင်ဆင်ချက် ၂၃ ချက် တင်ပြခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး လွှတ်တော်ကို တရားဝင်တင်သွင်းခဲ့ပါတယ်။ ဒီဥပဒေကြမ်းဟာ သတင်းလွတ်လပ်ခွင့်ကို ပြန်လည်ထိန်းချုပ်ရာကျတာကြောင့် စာနယ်ဇင်းအသင်းအဖွဲ့တွေ၊ သတင်း မီဒီယာတွေက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးရင်၊ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒီအကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။