ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြင်ပမှာ ဆေးကုသခွင့်မရ

လူမှုရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးရင်းက အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ခါးနာတဲ့ဒဏ်ကြောင့် ဒီကနေ့ ရုံးချိန်း မလာနိုင်ခဲ့သလို တရားရုံးကလည်း ပြင်ပ ဆေးကုသခွင့် မပြုခဲ့ဘူးလို့ သိရပါတယ်။

2011.07.21
insein_prison_gate_305_z.jpg နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ အကျဉ်းထောင်တွင်းမှာ ရေချိုးရင်းက ချော်လဲခဲ့ရာက ခါးမှာ ဒဏ်ရာ ပြင်းထန်ခဲ့တာပါ။ ထောင်ဆေးရုံမှာ တက်ရောက်ကုသနေရပြီး ပြင်ပမှာ ဆေးကုသခွင့်ရရှိဖို့ အတွက် တရားရုံးမှာ တင်ပြ တောင်းဆိုထားပေမည့် ထောင်ဆရာဝန်ရဲ့ ဆေးမှတ်တမ်း မပါတာကြောင့် တရားရုံးက ခွင့်မပြုခဲ့ဘူးလို့ ကိုနေမျိုးဇင်ရဲ့ဇနီးဖြစ်သူ မဇင်မျိုးမော် က အာအက်ဖ်အေ ကို ပြောပါတယ်။

"နေမျိုးဇင်ရဲ့ ဆေးမှတ်တမ်းပါမှ ရမှ ပေးမယ်တဲ့။ ဖြစ်တဲ့လူက သူရဲ့ဆေးမှတ်တမ်းနဲ့တွဲပြီးတင်ရမယ်တဲ့။ တွဲပြီးမတင်တဲ့အတွက် မရဘူးတဲ့။ တရားရုံးကတင်အမိန့်ချပေးတယ်တဲ့ ရှေ့နေကပြောတယ်။ ထောင်ထဲမှာ ဘာရောဂါ ကုနေရတယ်ဆိုတဲ့ ဆေးမှတ်တမ်းကို မပေးဘူး ဆေးစာဘဲ ပေးတယ်။ ဆေးစာက အခုဆိုရင်ပေါ့ ဘာဆေးလိုတယ် ညာဆေးလိုတယ် အဲ့လိုဟာလောက်ပဲ ပေးတယ်။ ထောင်ဆေးရုံမှာဘဲ ကုနေရတာပေါ့။ ပြီးခဲ့တဲ့ အပတ်ကလည်း မတွေ့ဖြစ်ဘူး ခါးနာနေလို့တဲ့။ ဒီတစ်ပတ်လည်း သွားတဲ့အခါကျတော့ ရုံးကလည်း အဲ့ဒီ ဆေးရုံကပြောလာတယ်ပေါ့ မထွက်နိုင်တဲ့အတွက် အမှု မစစ်ဖြစ်ဘူး။"

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က အင်းစိန်အကျဉ်းထောင် တရားရုံးမှာ ကိုနေမျိုးဇင်ကို ရုံးထုတ် စစ်ဆေးခဲ့ချိန်မှာလည်း တရားရုံး အတွင်း ခါးဒဏ်ရာကြောင့် ထိုင်မရ ဖြစ်နေတဲ့အတွက် တရားဝင်ပြင်ပမှာ ဆေးကုသခွင့်ပေးဖို့ တရားရုံးကို ရှေ့နေတွေကတဆင့် လျှောက်ထားခဲ့တာပါ။

တရားရုံးက ခွင့်မပြုတဲ့အတွက် ထောင်ပြင်ပမှာဆေးကုသခွင့်မရဖြစ်နေတဲ့အတွက် ကိုနေမျိုးဇင်ရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးဝါးလာမှာကို မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ မဇင်မျိုးမော်က ပြောပါတယ်။

"ကုသခွင့်မရဘူးဆိုတော့ သူရဲ့ ဒီ ကျန်တဲ့ ရောဂါထက်ကို ခါးရောဂါက အောက်ပိုင်းတွေ ဘာတွေ သေသွားတာတို့ ဘာတို့ ဖြစ်မှာပဲ စိုးရိမ်တာပေါ့။"

ကိုနေမျိုးဇင် ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် လူငယ် သွေးအကူအညီပေးရေး အဖွဲ့နဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးနေတဲ့ လူငယ်တွေနဲ့ အတူ လူမှုရေး လုပ်ငန်းတွေ ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦး ဖြစ်ပြီး သူ့ကို ဧပြီလ ၂ ရက်နေ့က အက်စ်ဘီ သတင်း တပ်ဖွဲ့က မေးစရာရှိလို့ ဆိုပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီးနောက် ပုဒ်မ ၃၃ အီလက်ထရောနစ် အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုနေမျိုးဇင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အင်းစိန် အထူးတရားရုံးကနေ အမှု မစစ်ဆေးနိုင်ခဲ့တဲ့ အတွက် လာမည့် ဇူလိုင်လ ၂၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ကိုနေမျိုးဇင်ဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက် အရပ်သား အစိုးရသစ် တက်လာတဲ့ လက်ထက်မှာ ပထမဆုံး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။