အကျဉ်းထောင်မှ သားပြန်လွတ်လာလို့ မိခင်ဖြစ်သူ ဝမ်းသာလွန်ပြီး ကွယ်လွန်

လွတ်ငြိမ်းချမ်းသာခွင့်အရ ပူတာအို ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦးဟာ နေအိမ်ကို ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတာ ကြုံတွေ့လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ကိုအောင်ကျော်ဦးရဲ့ မိခင်ဟာ ပြီးခဲ့တဲ့လက လေဖြတ်ထားသလို၊ နှလုံးရောဂါ အခံလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သားဖြစ်သူ ပြန်လွတ်လာတဲ့အခါမှာ စိတ်လှုပ်ရှားလွန်ပြီး ရုတ်တရက် အခုလို ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကိုအောင်ကျော်ဦးဟာ အရင်က ကျူရှင်ဆရာတစ်ဦး ဖြစ်ပြီး တိုက်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝဝ၇ ခု သြဂုတ်လမှာ စစ်အစိုးရက လောင်စာဆီဈေးနှုန်း ရုတ်တရက် မြှင့်လိုက်လို့ ဆန္ဒပြ တဲ့အတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၃ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။