ပျဉ်းမနား ရဲအချုပ်ခန်း ရုန်းရင်းဆန်ခတ်မှု ပစ်ခတ်နှိမ်နင်း

နေပြည်တော် ပျဉ်းမနားမြို့က ရဲတပ်ဖွဲ့အချုပ်ထောင် မှာ ဒီကနေ့ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန် ခတ်ဖြစ်ရာက ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက် ထိန်းသိမ်းရာမှာ အချုပ်သားတစ်ဦး ဒါဏ်ရာရခဲ့ ပါတယ်။

အချုပ်သားတစ်ဦးကို ရဲတပ်ဖွဲ့က အချုပ်ခန်း အတွင်းပြန်ပို့စဉ် ကျန်တဲ့အချုပ်သားတွေက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတာကနေ စတင်ခဲ့တာဖြစ်ကြောင်း ပျဉ်းမနားမြို့ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဝင်းစိန် က ပြောပါတယ်။

“အဲဒီမှာ တရားခံတစ်ယောက်ရှိတယ်၊ အဲဒီကောင် က အချုပ်သံတိုင်နဲ့ သူ့ဘာသာသူ ခေါင်းဆောင့် တယ်၊ ခေါင်းကွဲသွားတယ်၊ ကွဲသွားတော့ ရဲကဒဏ်ရာရတယ်ဆိုပြီး ဆေးရုံပို့လိုက်တယ်၊ ပို့ပြီးပြန်ခေါ် လာတဲ့အချိန်မှာ အချုပ်ထဲပြန်သွင်းလိုက်တော့ ထွက်ပြေးဖို့ကြိုးစားတယ်ပေါ့၊ ရုန်းပြီးထွက်ပြေးတဲ့ အခါမှာ သူ့ကိုလိုက်ဆွဲတော့ ဆွဲလားရမ်းလားလုပ်တဲ့အခါမှာ အထဲက နည်းနည်းဆူပူလိုတဲ့သူလည်း ရှိတာပေါ့၊ ဘာအမှုလဲတော့ မသိဘူး၊ ဟေ့ကောင် မင်းတို့ရဲတွေ ဘာဖြစ်တယ် ညာဖြစ်တယ် မတရားမလုပ်နဲ့ ထုံးစံအတိုင်းပေါ့ လှမ်းအော်တဲ့အခါမှာ ဟိုဘက်အခန်းကလည်း ဘာဖြစ်တယ် ညာဖြစ်တယ် ဖြစ်လာပြီးတော့မှ နည်းနည်း ရုန်းရင်းဆန်ခတ်လုပ်တဲ့သဘောပါ၊ အဲလိုဟာကို အခွင့်အရေးယူပြီးတော့ ပြေးချင်တဲ့ကောင်က မီးတွေဘာတွေ ကောက်ရှို့ပြီးတော့ အမှန်တော့ပြေးချင်တာ”

ပျဉ်းမနားမြို့ အချုပ်ခန်းဟာ အချုပ်သား ၆၀ ကျော်လောက်သာ ထားရှိနိုင်တဲ့ အချုပ်ခန်းဖြစ်ပေမယ့် လက်ရှိမှာ အချုပ်သား ၃၀၀ နီးပါးရှိုပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၃ လောက်သာ ရှိပါတယ်။